နေပြည်တော် ဒီဇင်ဘာလ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံလမ်းညွှန်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းတွင် ပါဝင်သည့် အသေးစား၊ အငယ်စား နှင့် အလတ်စား မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေး တောင်သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က  နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ မွေးမြူရေးကဏ္ဍအတွက် ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျ စရိတ် အရင်းမပျောက်မတည် ထောက်ပံ့ပေးသွားမည့် အခြေအနေ၊ မွေးမြူသူများအကျိုး အမြတ်ရရှိစေရေး၊ အသားထုတ်လုပ်မှုပမာဏနှင့် ထုတ်ကုန်အရည်အသွေးတိုးတက်မြင့်မားရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး  မွေးမြူရေး တောင်သူများ၊ မွေးမြူရေး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန စည်းဝေးခန်းမတွင် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တောင်သူတစ်ဦးချင်း၏ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ကြမ်းထုတ်လုပ်မှုပမာဏနှင့် အရည်အသွေးမြှင့်တင်ရေး၊ စိုက် ပျိုးမွေးမြူရေးအခြေခံသည့် တန်ဖိုးမြင့်ကုန်‌ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊  စိုက်ပျိုးမြေများကို ထိထိရောက်ရောက် အသုံးချနိုင်ရေးနှင့် သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပန်းတ‌နော်မြို့နယ်၊ GLOBAL EARTH Agro & Aqua Industry Public Company Limited ၏ ငါးဆေးထိုး သားဖောက်ခြင်း လုပ်ငန်း၊ ငါးအစာ စက်ရုံတည်ဆောက်ပြီးစီးမှု ၊ လှောင်ကန်စနစ်ဖြင့် ငါးတန်မွေးမြူထားရှိမှုနှင့် အအေးခန်းစက်ရုံ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက ဒေသတွင်း ငါးမွေးမြူထုတ်လုပ်မှု တိုးတက်ရေးအတွက်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်