ဧရာဝတီတိုင်းဒေသကြီးအတွင်း အဌမအကြိမ်မြောက် ကလေးစာပေပွဲတော်(လေးမျက်နှာ) ဖွင့်ပွဲ ကျင်းပ

လေးမျက်နှာ ၂   ဒီဇင်ဘာ  

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိမြို့နယ် (၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များကိုဆက်လက်ကျင်းပလျက်ရှိရာအဌမအကြိမ်မြောက် ကလေးစာပေပွဲတော် (လေးမျက်နှာ)ဖွင့်ပွဲအခမ်းနားကို ယနေ့ နံနက် ၉ နာရီတွင် လေးမျက်နှာ မြို့(အထက)ကျောင်းတွင် ကျင်းပသည်။

 

ေ

 

ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လှုဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဧရာတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှုးဦးလှမျိုးအောင်၊  လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နှင့်ခရိုင်အုပ်ချုပ် ရေးမှူး ဦးမျိုးအောင်တို့က ကလေးစာပေပွဲတော် (လေးမျက်နှာ)ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို (အထက)လေးမျက်နှာဒုဌဝတီ ခန်းမတွင် ဆက်လက်ကျင်းပရာတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ယနေ့ဖွင့်လှစ်သည့် ကလေးစာပေပွဲတော်တွင် ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော် ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများဖြစ်လာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင် ဦးရွက် ပြုနိုင်သူများဖြစ်လာစေရန်၊ ကျောင်းနေအရွယ် ကလေးငယ်များကလေးစာပေ ပွဲတော်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိပြီးအများစုပါဝင် ဆောင်ရွက်ခွင့် ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။

 

ေ

 

ဧရာဝတီတိုင်းအနေဖြင့် နိုင်ငံတော် အဆင့်ကလေးစာပေပွဲတော်ကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ (၃)ရက်မှ(၅)ရက်အထိ စည်ကားသိုက်မြိုက် စွာကျင်းပနိုင်ခဲ့ပြီးခရိုင်အဆင့်နေဖြင့် ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်တို့တွင်လည်း ကလေးစာပေပွဲတော်များကို စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တတ်စွမ်းသရွေ့ တည်ဆောက် အကောင်အထည် ဖော်ပေးခြင်းလည်းဖြစ်ပြီး အနာဂတ်အတွက် အရည်အသွေးမြင့်မားသည့် သားကောင်းသမီးမွန်များဖြစ်လာစေရန်၊ ကလေးများ စာပေတွင်မွေ့လျော်လာစေရန်၊    ကလေးများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကလေးများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခွင့် အတွေ့အကြုံများရရှိမည်ဖြစ်သည့်အတွက် မိမိတို့ တာဝန်ရှိသူများအနေဖြင့် ကလေးစာပေပွဲတော်များကိုဖန်တီးပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် (၂၆)မြို့နယ် အတွက် တစ်မြို့နယ်ကို သိန်း(၃၀)စီ ပံ့ပိုးပေးသကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာန ကလည်း မြို့နယ်တိုင်းကို ကလေးများအတွက် ကလေးစာပေစာအုပ် (၇၀ဝ)စီနှင့် MRTV၊ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်ဖြစ်သော   MOI နှင့် Myanmar Digital News တို့တွင်သတင်းများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာ ထည့်သွင်း ဖော်ပြပေးခဲ့ပါကြောင်း၊ လေးမျက်နှာမြို့နယ် အနေဖြင့် မိမိတို့မြို့တွင် ကျင်းပသည့် ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် အဖက်ဖက်က ပြည့်ပြည့်စုံစုံ ဝိုင်းဝန်းဆောင်ရွက် ပေးကြ သည်ကိုတွေ့ရသည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 

ေ

 

ယင်းနောက် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း အခြေခံပညာကျောင်းများ၏ ကလေးစာပေပွဲတော် တေးသရုပ်ဖော် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ကလေးစာပေပွဲတော် (အထက)လေးမျက်နှာရှိ ထူးချွန်ထင်ရှားဧရာဝတီ တိုင်းသားများပြခန်း၊ ထူးချွန်ထင်ရှားလေးမျက်နှာသားများပြခန်း၊ မြို့နယ်အဆင့် အခြေခံပညာပညာရေး လုပ်သားများသမဂ္ဂကျောင်းစာကြည့်တိုက်ပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ပြခန်းများနှင့် စာပေဟောပြောပွဲနှင့် စာပေ ဆွေးနွေးပွဲ၊ ကလေးစာဖတ်ခန်း၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အရုပ်ဆက်၊ ပန်းချီဆွဲ၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ အားကစားပြိုင်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပနေမှုများကိုကြည့်ရှုအားပေးကြသည်။

 

ေ

 

တိုင်းဒေသကြီးအတွင်း၌ အဌမအကြိမ်မြောက်ကျင်းပသည့် ကလေးစာပေပွဲတော် (လေးမျက်နှာ)ကို ဒီဇင်ဘာ ၂ ရက်နှင့်  ၃ ရက်တို့တွင် နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား (၃၀ဝ၀)ကျော် စည်ကားသိုက်မြိုက်စွာ တက်ရောက် ပါဝင်ဆင်နွှဲလျက်ရှိကြောင်းသိရသည်။


သတင်း - ခရိုင်(ပြန်/ဆက်)
သတင်းဓာတ်ပုံ - ကျော်ကျော်၊ရွှေမိုး၊ မန်းကျော်၊ စိုးမင်းဦး