နေပြည်တော် မတ် ၇

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် Royal Star အသင်းနှင့် Danger Boy အသင်းတို့ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဗိုလ်ဗထူးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အား ဖွင့်လှစ်ပေးကာ ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ် ပဆငနှင့် သိလ္လာချောင်းဖျား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် မြောင်းမြမြို့နယ် တောင်ပေါ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတို့သို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးသည်။ 

 

ယမန်နေ့ ညနေပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် စက်သုံးဆီ သုံးစွဲမှုခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ နေ့စဉ်ရောက်ရှိမှု၊ ကျန်ရှိမှုနှင့် ရောင်းချရာတွင် ဈေးတင်ရောင်းချခြင်းမျိုး မဖြစ်စေရန် ကြပ်မတ်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ကာလဖြစ်သည့်အတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ရာတွင် စက်သုံးဆီများ မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိ‌စေရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာဉ်များကို မောင်းနှင်အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အသုံးပြုရန် လိုအပ်သလောက်သာ စက်သုံးဆီဝယ်ယူသုံးစွဲစေ‌ရေး၊ စက်သုံးဆီများကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ထားခြင်းများ မပြုလုပ်စေရေး၊ မော်တော်ယာဉ်များ နေ့စဉ်သုံးစွဲရာတွင် သုံးစွဲသည့်အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲသည့် ယာဉ်စီးရေအနည်းဆုံးဖြစ်စေရေးတို့ကို အသိပညာပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်မည့် အစီအမံများ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာဉ်များကို မောင်းနှင်အသုံးပြုစေရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူများအား အသိပေးဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအတွင်း စက်သုံးဆီများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချပေးနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

တိုင်းဒေသကြီး (ပြန်/ဆက်)