နေပြည်တော် ဩဂုတ် ၂၉

စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တောင့်တင်းခိုင်မာမှုဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ပူးပေါင်းလုပ်ဆောင်မှု အားပေးမြှင့်တင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲကျွေးရွာရှိ ဧက(၁၀၀) စံပြစိုက်ကွင်း၌ ဒေသခံတောင်သူများနှင့် ရင်းနှီးခင်မင်စွာ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးထပ်စွမ်းအား တိုးတက်လာသည်နှင့်အမျှ အပင် အာဟာရစုပ်ယူမှုများလည်း တိုးမြင့်လာမည်ဖြစ်၍ အပင်အာဟာရ ပုံမှန်ဖြည့်တင်းနိုင်ရေး အတွက် သဘာဝမြေဩဇာကို ရရှိနိုင်သမျှ စီမံပြုလုပ်ပြီး ဓာတ်မြေဩဇာနှင့် တွဲဘက် အသုံးပြုရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်တာ တာမိုင် ၅/၂ မှ ၇/၀ အတွင်း တာတမံထိမ်းသိမ်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်အောင်မြို့နယ် ကန်ဇွန်းခုံအုပ်စု မိုးနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နေကြာနှင့်ပတ်သက်သည့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများ၏ ဆင်းရွှေကြာ-၂ နေကြာစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတခရိုင် နတ်မော်ကျေးရွာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပက်ပွဲသို့တက်ရောက်၍ ကျုံပျော်မြို့နယ် ကျီးအိုင် ကျေးရွာအုပ်စုရှိ တောင်သူ ဦးမန်းစိုးသိန်း၏ ပီလောပီနံ (၁၅)ဧက စိုက်ခင်းများကို ကြည့်ရှုအားပေးပြီး ထွန်စက်များအသုံးပြု၍ ဘောင်မြောင်းဖော်စနစ်ဖြင့် ဝင်ဆန့်အပင်ဦးရေ အတိအကျ စိုက်ပျိုးနိုင်ရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျုံပျော်မြို့နယ် ပျဉ်ချဆိပ်ကျေးရွာအုပ်စုမှ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများကိုယ်တိုင်ပါဝင်သော သဘာဝမြေဩဇာများ စီးပွားဖြစ် ထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးလာရေးနှင့် လယ်ယာမြေဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများဆောင်ရွက်ရန်  လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်