ပုသိမ် ၂၅ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏မတည်ငွေ တစ်မြို့နယ်လျှင် ကျပ်သိန်း(၃၀)စီဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၇၈၀)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်(၂၆) မြို့နယ် တွင် ကျင်းပ ပြုလုပ်မည့် ကလေး စာပေ ပွဲတော်များကို အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန် ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက“ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး နှင့် စာပေဗဟုသုတရရှိရေး၊ ကလေးများ ဉာဏ်ရည်ထက်မြက်စေရေး နှင့် ကလေးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည် အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန် ၊ ကျောင်းနေ အရွယ် ကလေးငယ်များ ကလေး စာပေ ပွဲတော် နှင့်ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိပြီး အများစု ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၅) ခုအနက် မိမိတို့တိုင်းဒေသကြီး အနေဖြင့် ထူးထူးခြားခြား မြို့နယ်အထိ ပထမဆုံး ကလေး စာပေပွဲတော်များ ကို ကျင်းပခြင်းဖြစ်ကြောင်း ၊ ကလေးစာပေပွဲတော်များ ကျင်းပခြင်းဖြင့် ကလေးများ အတွက်လူသားအရင်းအမြစ်ဖွွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း ၊ ပွဲတော်တွင် မြို့မိ မြို့ဖများနှင့်အလှူရှင်များပါဝင်လာရေး၊၎င်းတို့အား စိတ်ချမ်းမြေ့ဖွယ် ဖြစ်စေရေး ၊ ပါဝင်မှုတွင် အကျိုးရှိကြောင်း သိရှိစေရေး ၊ ပွဲတော်အတွက် စနစ်တကျ စီမံ ဆောင်ရွက် ထားရန် နှင့် မြို့နယ် အလိုက် စွမ်းဆောင်နိုင်မှု ပြရုပ် ဖြစ်၍ အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း ၊ တိုက်နယ် အဆင့် ၊ ကျေးရွာအုပ်စုအဆင့်များ မှ ပွဲတော်များကို အားကျစိတ်ဝင်စားလာအောင် လုပ်ဆောင် ကြရန် နှင့် နောင်တစ်ချိန်တွင် တိုက်နယ်ကျေးရွာအုပ်စုများတွင်လည်း ကလေးစာပေပွဲတော်ကို ကျင်းပသွားနိုင်ပါက ကလေးများအတွက် ပိုမို ကောင်းမွန်ကြောင်း ” ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး က ပွဲတော်နှင့်ပတ်သက်သည့် လုပ်ငန်းများအား အသေးစိတ် ရှင်းလင်းတင်ပြခြင်း၊တိုင်းဒေသကြီးပညာရေးမှူးရုံး မှ ဒုတိယညွှန်ကြားရေးမှူးက ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေ တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ပွဲတော်နှင့်ပတ်သက်၍ သိရှိလိုသည်များ ကို မေးမြန်းရာ တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းခဲ့ကြ ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးပြန်/ဆက်



