နေပြည်တော် ၁၉  ဇန်နဝါရီ 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတား၌ တံတားအထက်ဘက် ရေလမ်းတွင် သဲသောင်ပြင် ဖြစ်ပေါ်လာမှုအား မြစ်ကြောင်း ပြုပြင် ဆောင်ရွက်ပေးနေမှု၊ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ကမ်းပြိုမှုလျော့နည်းပြီး ရေလမ်းကြောင်း ပြောင်းလဲလာမှု၊ လာမည်နှစ်တွင် တံတားအနီးဖြစ်ပေါ်နေသည့် သဲသောင်ပြင် အား ထိန်းသိမ်းရေးဆောင်ရွက်သွားမည် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ကန်ကြီးထောင့်မြို့နယ် ဒါးက မြစ်ကမ်းထိန်းလုပ်ငန်း အလျားပေ ၆၀ဝ ဆောင်ရွက်ထားရှိမှု၊ ပုသိမ်လေဆိပ်နှင့် လေယာဉ် ပြေးဆွဲနေမှု၊  ပုသိမ်မြို့ ငဝန်မြစ်ကူးတံတားသစ် တည်ဆောက်ရာတွင် တံတားရေရှည်တည့်တံ့ ရေးအတွက် မြစ်ကမ်းထိန်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နေမှု၊ ပုသိမ်ကမ်းနားလမ်းအား မြစ် ဘက်သို့ တိုးချဲ့နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ စက်မှုမြို့တော်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းနေရာသို့ရောက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေးနှင့်  Ayeyarwady Development Public Company Limited မှ ဦးဇော်ဝင်းရှိန် တို့က စက်မှုဆိပ်ကမ်းနှင့် ငဝန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သောင်တူးဖော်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြစ်ကမ်းထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ရေရှည်တည့်တံ့ ခိုင်မြဲရန်၊ စစ်ဆေးပိုင်နိုင်ရန်၊ ကမ်းနားလမ်း တိုးချဲ့တည်ဆောက်ရာတွင် ခေတ်မှီနည်းပညာများ၊ ဒီဇိုင်းများအပြင် အစီအစဉ်များ ရေးဆွဲတင်ပြရန်၊ စက်မှု မြို့တော်စီမံကိန်း ဆောင်ရွက်ချိန်တွင် ဆိပ်ကမ်းနှင့် ငဝန်မြစ်ရေလမ်းကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်း များကို အချိန်ကိုက်ပူးပေါင်းဆောင်ရွက်ကြရန် ရန်ကုန်ဆိပ်ကမ်းကဲ့သို့ နိုင်ငံတော်မှ အားထားရ သော ဆိပ်ကမ်းတစ်ခု ဖြစ်အောင်ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။ 

 

(မောင်မင်းနိုင်)

 

IMG