မြောင်းမြ   ၁၅  မေ 

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်လိုင်းများအား မေ ၁၆  ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယာယီပိတ်ထားခဲ့သည့် မော်တော်ယာဉ်လိုင်းများအား ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

 

ထိုသို့ ပြေးဆွဲမှုအနေဖြင့် မြောင်းမြ- ပုသိမ်၊ မြောင်းမြ-အိမ်မဲ၊ မြောင်းမြ- ဝါးခယ်မ၊ မြောင်းမြ- လပွတ္တာ စသည့် မော်တော်ယာဉ်လိုင်းများ မေ ၁၆ ရက် နေ့မှစ၍ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ယာဉ်တွေကို ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ ခရီးသည်တွေနဲ့ ယာဉ်မောင်း တွေကို လက်သန့်ဆေးရည်အသုံးပြုဖို့၊ နှာခေါင်းစည်း Mask တွေ တပ်ဆင်ဖို့ စတဲ့ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ထားပါတယ်" ဟု မြောင်းမြ-ပုသိမ် ပြေးဆွဲသည့် အောင်နိုင်သူ ယာဉ်လိုင်းမှ ဂိတ်မှူး ကိုစိုးအောင်က ပြောသည်။

 

ထိုသို့ ပြေးဆွဲခွင့်ပြုရာတွင် ယာဉ်လိုင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများအား လိုက်နာမှု မရှိပါက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲခွင့်ပြုသော်လည်း အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆက်သွယ်ပြေးဆွဲသော အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခွင့်အား ဆက်လက်ပိတ်ထား ဆဲဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအပေါ် မူတည်၍ ပြန်လည်ပြေးဆွဲခွင့်ကိစ္စများကို ဆက်လက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်းရနံ့ (ခရိုင် ပြန်/ဆက်)