နေပြည်တော် မတ် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၂ ရက် နံနက်ပိုင်းက ပန်းတနော်မြို့နယ်ရှိ Global Earth စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထွက် တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည်မှ အသင့်စားသုံးနိုင်သော ငါးအခြေခံ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်သည်အထိ လုပ်ငန်းစဥ် တစ်ခုလုံးကို တစ်နေရာတည်းတွင် စုဖွဲ့ဆောင်ရွက်နေမှု၊ ဝန်ထမ်း ၆၀၀၀ ကျော် တိုက်ရိုက်ခန့် ဆောင်ရွက်နေမှုနှင့် ဆက်စပ်အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းကျော်အား အကျိုးပြုနေမှုကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက “ပြည်တွင်း ငါးစားသုံးမှုဖူလုံရေးနှင့် ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချနိုင်မှု တိုးမြှင့်ရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြုပ်နှံမှု တိုးတက်ဆောင်ရွက်ခြင်းအပြင် လုပ်ကွက်ငယ် ငါးမွေးတောင်သူများအား လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းတင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြင့် ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းကွင်းဆက် တစ်လျောက်၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စွန့်ဦးတီထွင်ဆောင်ရွက်သူနှင့် ပူးပေါင်းပါဝင်သူများ ဟန်ချက်ညီကြိုးပမ်းကြရန်လိုကြောင်း” ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Global Earth စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထွက် တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ BIOMASS POWER PLANT တည်ဆောက်နေမှုနှင့် ခေတ်မီနည်းစနစ်အသုံးပြု၍ ငါးသားဖောက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၊ ငါးလုပ်ငန်းသိပ္ပံသို့ ရောက်ရှိကြပြီး တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ငါးလုပ်ငန်းသိပ္ပံကျောင်း အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းဥပစာ သာယာလှပစေရေးနှင့် ကျောင်းအဝင်လမ်းအသစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် တွံတေးမြို့နယ်၊ ရွှေမယင်းကွင်းဒေသ၊ (ကကယာ-၂) ငါးကန်များမှ ကွင်းပေါက်ကျေးရွာအထိ ချောင်းဟောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးမြေဧက ၈၀၀ ၏ ရေဘေးကာကွယ်ရေးနှင့် နွေစပါး ဧက ၂၆၀ ကျော်ကို စိုက်ပျိုးရေ အကျိုးပြုနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်