နေပြည်တော်၊ မတ် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တာဝန်ရှိသူများသည် မတ် (၁) ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာရှိ နေကြာသီးနှံ (၁၀) ဧက စိုက်ခင်းနှင့်ပိုက်ဆံလျှော် ဧက (၂၀) စိုက်ခင်းကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နေကြာသီးနှံနှင့် အခြားသော ပင်ခြားဝတ်မှုန်ကူး သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ပျား၊ ပိတုန်း၊ လိပ်ပြာများ တိုးပွားရန် လိုအပ်ချက်များ၊ ဂေဟစနစ် ပြန်လည်ပြည့်ဖြိုးလာစေရေး အကျိုးပြုသီးနှံများဖြစ်သည့် အဝါရောင်ပွင့်သော နေကြာ၊ ပန်းနှမ်းနှင့် ပိုက်ဆံလျှော် တိုကို မြေလပ်မကျန် စိုက်ပျိုးရန်၊ ဧရာဝတီတိုင်းဒေသကြီး၏ နေကြာစိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုးစေ့ဖူလုံစေရန် နေကြာမျိုးမြှင့်တင်ရေးနှင့် မျိုးစေ့ထုတ်လုပ်ငန်းများတွင် တောင်သူများ ကိုယ်တိုင်ပါဝင်သော လူထုလှုပ်ရှားမှုအသွင် ပါဝင်ဆောင်ရွက်ကြရန်၊ လက်ရှိစိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ မျိုးအား အပွင့်အရွယ်အစား ၆ လက်မခွဲနှင့်အထက် ကောင်းမွန်သော လက္ခဏာ အသွင်အပြင်ကို ကြည့်ရှုရွေးချယ်ပြီး လာမည့်ရာသီတွင် ဆက်လက်စိုက်ပျိုးကာ နှစ်စဥ် မျိုးရွေးချယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းသွားရန်၊ နေကြာတစ်ဧကတွင် ပျားအိမ်နှစ်အိမ်လိုအပ်၍ ပျားအိမ်တစ်အိမ်တွင် ပျားရည် (၃) ပိဿာ ထွက်ရှိသောကြောင့် နေကြာစိုက်တောင်သူများအနေဖြင့် ပျားများမွေးမြူပြီး အပိုဝင်ငွေ ရရှိနိုင်မှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်း ကျေးရွာအုပ်စုတွင် လျှပ်စစ်မြစ်ရေတင်ဖြင့် ဆောင်ရွက်သည့် တစ်နှစ်လျှင် (၃) သီးစိုက်ပျိုးသည့် ဧက (၃၅၀) စိုက်ကွင်းကို ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ ရေကိုအကျိုးရှိရှိအသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများကို စံနမူနာယူနိုင်ကြစေရန်အတွက် မီဒီယာများမှ ဖော်ပြပေးခြင်းနှင့် လယ်သမားမှ လယ်သမားဆီသို့ နည်းပညာပေးခြင်း (Farmer to Farmer Extension) နည်းဖြင့်တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် အထွက်နှုန်းကောင်း သက်တမ်းတို စပါးမျိုးများ စိုက်ပျိုးခြင်း ၊ အချိန်မီ ထွန်ယက်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေရရှိရေးနှင့် ရေမြောင်းစနစ်များကောင်းမွန်ရေးတို့၏ အရေးပါမှုတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အိမ်မဲမြို့၊ စပ်မျိုးနေကြာ စူပါဆန်း ၄၁ (၁၀) ဧက စိုက်ခင်းကို ကြည့်ရူအားပေးပြီး အပင်ဦးရေပြည့်မီအောင်စိုက်ပျိုးရန်၊ စပါးအပြီးစိုက်ပျိုးသည့် သီးနှံများ ဖြည့်စွက်ရေ (၁) ကြိမ်မှ (၂) ကြိမ်ပေးပါက ပန်းတိုင်အထွက်နှုန်း ရရှိစေနိုင်မှုတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်