ပုသိမ် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီးတွင် ပြောင်းစိုက်ပျိုးမြေဧက ၄၀၀၀၀ ကျော်ရှိပြီး နှစ်စဉ်ပြောင်းတန်ချိန် ၁၄၀၀၀၀ ကျော် ထွက်ရှိသည့်အတွက် ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက်ပါ တင်ပို့နိုင်ရန် အရည်အသွေးမြင့်ပြောင်းများ ပိုမိုစိုက်ပျိုးသွားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက ချောင်းသာမြို့ Golden Bay ဟိုတယ်၌ ကျင်းပသည့် ၂၀၂၅-၂၀၂၈ သက်တမ်း (ပထမအကြိမ်) ဧရာဝတီတိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ထွက်ရှိသည့်ကုန်များကို ပုသိမ်ဆိပ်ကမ်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ပြောင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးကြသည်။
အစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းသာမြို့ ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြု အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်း၌ ပုသိမ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အသက် (၂၁) နှစ်အောက် ရပ်ကွက်/ ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Chaung Tha FC အသင်းနှင့် Family Six FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


