ငပုတော   အောက်တိုဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများ သွားလာရေးအဆင်ပြေ လွယ်ကူစေရန်နှင့် ကုန်စည် စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ချောင်းဝတံတားကို တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးမှု ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ချောင်း၀မြစ်ကိုဖြတ်သန်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊  ငရုတ်ကောင်းမြို့ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်၌တည်ရှိသော ချောင်းဝတံတား တည်ဆောက်ရေး စီမံကိန်း အတွက် ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ခန့်မှန်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၇၀၄၀ အကုန်ကျခံ ဆောင်ရွက်နေခြင်းဖြစ်ပြီး တံတားသစ် တည်ဆောက်ရေးလုပ်ငန်းပိုင်း၌ တံတား အထူးအဖွဲ့(၁၆)မှ ကျွမ်းကျင်အင်ဂျင်နီယာ ၁၂ ဦးနှင့် ကာယဉာဏ လုပ်သားအင်အား ၁၀၀ ကျော်တို့ဖြင့် တည်ဆောက်ရေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း၊ ငရုတ်ကောင်းမြို့ မှ မြောက်ဖက်ပိုင်း ဂွမြို့နယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွ ကမ်းခြေပတ်လမ်းအား လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ချောင်းဝတံတားသစ်မှာလည်း ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်၍ ကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတားသစ် ဆောင်ရွက်ပြီးစီးပါက ငရုတ်ကောင်း တောင်ဖက်ပိုင်းရှိ ဂေါ်ရန်ဂျီကျွန်းအထိ လမ်းများ တစ်ဆက်တစ်စပ်တည်း ဖြစ်သွားမည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁၆) မှသိရသည်။

အဆိုပါ နှစ်လမ်းသွားတံတားသစ်မှာ စုစုပေါင်း ၃၉၀ မီတာ(၁၂၈၀  ပေ)ရှိမည်ဖြစ်ပြီး ယာဉ်သွားလမ်း အကျယ် ၂၄ ပေရှိကာ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီပါဝင်ကြောင်း၊ ရေလမ်း ကင်းလွတ်အမြင့် ၁၂ ဒသမ ၂ မီတာနှင့် အကျယ် ၂၅ ဒသမ ၅ မီတာရှိ၍ Design loading (တံတား ခံနိုင်ဝန်) HL-93 ဖြစ်ကြောင်း၊ တံတားခန်းဖွင့်အနေဖြင့် ခန်းဖွင့်တစ်ခန်းလျှင် အကျယ် ၂၀ မီတာစီ ရှိသော တံတားခန်းဖွင့် ၁၂ ခန်းနှင့်အကျယ် ၃၀ မီတာစီရှိသော တံတားခန်းဖွင့် ငါးခန်းတို့ဖြင့် ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပြီး တံတားအောက်ခံအုတ်မြစ်များအား ဘိုးပိုင်များဖြင့် တည်ဆောက် ထားကာ တံတားကိုယ်ထည်မှာ RC ကွန်ကရစ်ဖြစ်၍ တံတားအပေါ်ထည်အား  PC Girder၊ RC Girder & RC Slab တို့ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ 

တံတားသစ် တည်ဆောက်ရေးလုပ်ငန်းပိုင်းအတွက် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေ ကျပ်သန်းပေါင်း ၅၅၀ ဖြင့် ငရုတ်ကောင်းဘက်ကမ်း ရှိ A1၊ P1၊ P2 နှင့်P3 တို့၏ ဘိုးပိုင်လုပ်ငန်းများ အပါအဝင် Cap(ပိုင်တိုင်ထိပ်အုပ်) ၊ Shaft တိုင်လုပ်ငန်း နှင့် Cross Beam (ကန့်လန့်ရက်မ) လုပ်ငန်းများ အလုံးစုံဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေ ကျပ်သန်းပေါင်း ၂၁၀၆ ဒသမ ၅ သန်းဖြင့် ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများမှာလည်း အလုံးစုံဆောင် ရွက်ပြီးစီးခဲ့ပြီဖြစ်ရာ လာမည့် Mini Budget  ၌ ဂေါ်ရန်ဂျီကျွန်း ဘက်ကမ်းရှိ  A2 အုတ်မြစ်နှင့် ကိုယ်ထည်တည်ဆောက်ခြင်း လုပ်ငန်းအပါအဝင် ရေလယ်ပိုင်းရှိ တံတားကိုယ်ထည်လုပ်ငန်း(Sub Structure) များအတွက် ရေလယ်တိုင် ပိုင်တိုင်ထိပ်အုပ် (Cap)၊ Shaft တိုင်လုပ်ငန်း နှင့် Cross Beam (ကန့်လန့်ရက်မ) လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း(ပွင့်သစ္စာ)၊  ဓာတ်ပုံ(စိုးမြင့်အောင်)