ပုသိမ် ဖေဖော်ဝါရီ  ၂၁

ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်အား ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကြံခင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၅ ခုမှ ပြည်သူ ၅၀၂ ဦး၊ ဓနုဖြူမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၁ ခုမှ ပြည်သူ ၅၀၅ ဦး စုစုပေါင်း ၁၀၀၇ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။

စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များပေးပြီး ဧရာဝတီတိုင်းဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှ ၂၁ ရက်အထိ မဲဆန္ဒရှင် စုစုပေါင်း ၁၅၆၀၀ ဦးက အီလက်ထရော နစ်မဲပေးစက်ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေး လေ့လာမှုများ ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်      စပ်လျဉ်းပြီး နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပြည်ထောင်စုနယ်မြေရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများ၊ နိုင်ငံရေးပါတီအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များ၊ စုစုပေါင်း ၉၈၄၉၄ ဦး တို့အား ရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်