ပုသိမ်    ဖေဖော်ဝါရီ     ၁၃

 

ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကျုံပျော်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉၇  ခုမှ ပြည်သူ ၆၂၈ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၁ ခုမှ ပြည်သူ  ၅၀၁  ဦး စုစုပေါင်း ၁၁၂၉  ဦးတက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။

 

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြ သည်။

 

စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့်ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များပေးခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေး လေ့လာခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)