ပုသိမ် ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်ရွယ်ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့” ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ(ဒုတိယနေ့)ကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပပြီး ခရိုင်ကိုယ်စားလှယ်များက ဒေသရေမြေအလိုက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ မျိုးနှင့် သွင်းအားစု ရရှိနိုင်မှု၊ ဈေးကွက်အခြေအနေ၊ ဆီစက်များ၏ ဝယ်ယူကြိတ်ခွဲနိုင်မှု၊ တိုးချဲ့စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒေသခံဆီစက်လုပ်ငန်းရှင်များက ကုန်ကြမ်းလုံလောက်စွာ ရရှိရေး၊ တောင်သူများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပံ့ပိုးမှုနှင့် လုပ်သားရှားပါးမှုဆိုင်ရာများကို ဆွေးနွေး တင်ပြကြပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက စားဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ၊ သွင်းအားစု၊ ဈေးကွက်နှင့် ငွေကြေးပံ့ပိုးမှုများ လုံလောက်စွာရရှိရေးအပြင် ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံများ ရွေးချယ်စိုက်ပျိုးမှု၏ အရေးပါမှုကို ဆွေးနွေး ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်ရှစ်ခုအား မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ကော်ဖီသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး စီမံကိန်းတာဝန်များ ပေးအပ်ပြီး ဧရာဝတီတိုင်းဒေသကြီး၏ မြေခံရေခံ ကောင်းမွန်သည့် အားသာချက်များကို အသုံးချကာ ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းနှင့် လျာထားစိုက်ဧက ပြည့်မီအောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် စားဆီထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် ပါဝင်သည့်တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားသူများ၊ ပညာရှင်များနှင့် မူဝါဒချမှတ်သူများ ပူးပေါင်းဆောင်ရွက်မှသာ ရေရှည်တည်တံ့သည့် စားဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း မှာကြားသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


