နေပြည်တော် ဇူလိုင် ၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီးရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ တင်ပြ

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်အတွင်း လာရောက်သည့် ခရီးစဉ်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ဒေသဆိုင်ရာအချက်အလက်များ၊ ခရိုင်များ တိုးချဲ့ဖွဲ့စည်းမှုနှင့် ဝန်ထမ်းများ ခန့်အပ်ထားရှိမှု အခြေအနေ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆည်ရေသောက်နှင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မြစ်ရေတင် စီမံကိန်းများ ဆောင်ရွက်လျက်ရှိမှု၊ မိုးစပါးအထွက်နှုန်း တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်မှုနှင့် ဆီဖူလုံမှုအခြေအနေ၊ အသား၊ ငါးနှင့်ဥများ ထုတ်လုပ်၍ ပြည်သူများကို ရောင်းချပေးနိုင်မှု၊ မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးများ စိုက်ထည့်မှု၊ နေလှမ်းဆားကြမ်းနှင့် အိုင်အိုဒင်းဆားများ ထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ လမ်းတံတားများဆိုင်ရာ အခြေအနေများနှင့် အဆင့်မြှင့်တင်ဆောင်ရွက် နေမှု၊ ပြည်သူ့အငှားအိမ်ရာ ဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်များတွင် စက်ရုံများ လည်ပတ်ဆောင်ရွက်နေမှု၊ ပြည်သူ့ဆေးရုံကြီး တိုးချဲ့တည်ဆောက်ထားရှိမှု၊ အခြေခံပညာ ကျောင်းများနှင့် အဆင့်မြင့် ပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှုအခြေအနေ၊ ဆေးရုံများဖွင့်လှစ်ထားရှိမှုနှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှု၊ ပန်းခင်းစီမံချက်များ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီးအတွင်း နှစ်အလိုက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက်မှုနှင့် အခြားလူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 

mdn

 

တင်ပြချက်များအပေါ်ဖြည့်စွက်မှာကြား

 

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မိုးရွာသွန်းမှု များပြားသကဲ့သို့ မြစ်ချောင်းများလည်း များပြားကြောင်း၊ ရေစီးရေလာ ကောင်းမွန်ခြင်းမရှိပါက လမ်းများပျက်စီးမှုကို ပိုမိုဖြစ်ပေါ်စေသဖြင့် လမ်းများရေတိုက်စားမှုကြောင့် ပျက်စီးမှုမရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းရန်လိုကြောင်း၊ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးသို့ အလည်အပတ်သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ခရီးသွားဧည့်ယာဉ်များ အများအပြား လာရောက်လျက်ရှိသဖြင့် လမ်းများကောင်းမွန်စေရေးကို အလေးထား ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာဖြင့် သွားလာနိုင်ရေးအတွက် လမ်းမကြီးများကို သတ်မှတ်ချက်များအတိုင်း စနစ်တကျဖြင့် ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်-ပုသိမ် လမ်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင်လည်း အာဆီယံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တည်ဆောက် သွားရန်လိုကြောင်း၊ အလားတူ ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ရေး အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း၊ အိမ်သာပါက ဧည့်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း ဆားထုတ်လုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်လျော်ညီသည့် ဆားများ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်းနှင့် ဆားလုပ်ငန်း ပုံမှန်လည်ပတ်နိုင်စေရေး ဆောင်ရွက်ရန် လိုကြောင်းဖြင့် ဆွေးနွေး မှာကြားသည်။

 

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးတစ်ခုဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှုနယ်ပယ်အသီးသီး၌လည်း ထိပ်ပိုင်းတွင်ရှိနေသည့် နိုင်ငံ့ဂုဏ်ဆောင် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်း မသမာမှုရလဒ်များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအမြတ်ထုတ်မှု များကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို မိမိတို့အနေဖြင့် တရား ဥပဒေနှင့်အညီ တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) အတိုင်းသာ လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ဥပဒေ နှင့်အညီသာ ဆက်လက်လျှောက်လှမ်း ရမည်ဖြစ်ကြောင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအနေဖြင့် Moving Forward ဆိုသည့် အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကိုဆက်လက် လျှောက်လှမ်းနေကြခြင်းဖြစ်၍ မိမိတို့ နိုင်ငံအနေဖြင့်လည်း ကျန်နေ၍မရကြောင်း၊ Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း။

 

ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေ အနေများကို ဖြေရှင်းနေရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်း၊ လူတိုင်းသည် တိုးတက်ရေးအတွက် အမြဲမပြတ် ဆောင်ရွက်နေကြကြောင်း၊ အခက်အခဲ အကျပ်အတည်းကြောင့် တုံ့ဆိုင်းနေမည်ဆိုပါက တိုးတက်မှုရရှိ မည်မဟုတ်ဘဲ နောက်ကျကျန်နေခဲ့မည် ဖြစ်ကြောင်း၊ ပညာရေးနှင့် စီးပွားရေး ကဏ္ဍများသည် တုံ့ဆိုင်းနေ၍မရသည့် အတွက် ၂၀၂၁ ခုနှစ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ပညာရေး မြှင့်တင်မှုများကို မိမိတို့အနေဖြင့် အလေး ထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် စာတတ်မြောက်မှု ၉၂ ရာခိုင် နှုန်းရှိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရှိ ရကြောင်း၊ သို့သော် အဆိုပါ ၉၂ ရာခိုင်နှုန်း တွင် ရေး/ဖတ် အဆင့်၊ မူလတန်းအဆင့် သာရှိသူဦးရေ များပြားလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ပညာ တတ်မြောက်သူ နည်းပါးသည်ကိုလည်း သန်းခေါင်စာရင်းများအရ တွေ့ရှိရမည်ဖြစ် ကြောင်း၊ ပညာရည်မြှင့်တင်ရေးအတွက် အစိုးရပညာရေးစနစ်ဖြင့် အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတတ်များ နည်းပါးပါက မိမိတို့နိုင်ငံ သည် နောက်ကျကျန်ခဲ့မည် ဖြစ်ကြောင်း။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး

 

စီးပွားရေးလုပ်ငန်းအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အခြေခံသော စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တောသယံဇာတ ပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်းကြောင့် သယံဇာတများ ပြုန်းတီးလာပြီး အခြေခံကုန်ကြမ်းများ ရှားပါးလာကြောင်း၊ ထို့ကြောင့် သဘာဝ သယံဇာတကိုအခြေခံသည့် ကုန်ထုတ် လုပ်ငန်းကို အားပေးဆောင်ရွက်၍မရဘဲ မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်များကို အသုံးချ၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက် ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ ခရိုင်အဆင့်ကို အခြေခံ၍ တစ်နိုင်ငံလုံး အုပ်ချုပ်မှုကို ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ရန်လိုအပ်သဖြင့် ခရိုင်များကို အခြေခံ၍ စိုက်ပျိုးမွေးမြူရေးသိပ္ပံနှင့် ကျောင်းများဖွင့်လှစ်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ သို့မှသာ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို အပြည့်အဝ ရရှိမည်ဖြစ်ပြီး အဆိုပါကျောင်းများမှ ထူးချွန်သည့်သူများကို အဆင့်မြင့်ပညာများ သင်ကြားနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရှင်များ ပေါများလာမည်ဆိုပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ရှိပြီးသား မြေအရင်းအမြစ်များပေါ်တွင် သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်မည်ဆိုပါက ယခုထက် အထွက်နှုန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သဖြင့် စိုက်ပျိုးမြေများပေါ်တွင် နေကြာအပါအဝင် အခြားဆီထွက် သီးနှံများကို သီးထပ်အဖြစ် စိုက်ပျိုးကြစေ လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး ပုဂ္ဂလိကလုပ်ငန်းများမှ အပြည့်အဝ ဆောင်ရွက်နိုင်မှု မရှိသေးသဖြင့် နိုင်ငံတော်အစိုးရမှ မျိုးကောင်းမျိုးသန့်များ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် ပုဂ္ဂလိကလုပ်ငန်းများမှ အပြည့်အဝ ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးအရ မြင့်မားသည့်ဒေသ၊ ရေခံ မြေခံများအရလည်း ကောင်းမွန်သည့် ဒေသဖြစ်သဖြင့် ယခုထက် ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံတော်အတွက် ဂုဏ်ယူရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း။

မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူတိုင်း အသား၊ နို့၊ ဥများကို စားသုံးလျက်ရှိကြောင်း၊ အသားစားနွားများ မွေးမြူခြင်းကို ပိုမိုအားပေးဆောင်ရွက်ရန်လိုပြီး ငါးမွေးမြူရေးလုပ်ငန်းများကို လည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်းများတွင် ငါးရရှိမှုများ တစ်နှစ်ထက် တစ်နှစ် လျော့ကျလာသည်ကို တွေ့ရှိရပြီး သဘာဝငါးသယံဇာတ လျော့နည်းလာ သည်ကို တွေ့ရှိရကြောင်း၊ မြစ်ချောင်းများမှ အလွယ်တကူရရှိသည့် ငါးများကိုလည်း ဖမ်းယူစားသုံးမှုများ ရှိကြောင်း၊ ငါးသယံ ဇာတများ ပေါများစေရေးအတွက် နိုင်ငံတော်မှ ငါးသားပေါက်များကို မြစ်ချောင်းများအတွင်း စိုက်ထည့်ပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ငါးမွေးမြူရေးလုပ်ငန်းများနှင့် ပုစွန်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို လည်း ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိသဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြစေလိုကြောင်း။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များမှ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် အတွက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် စက်မှုဇုန်များ တိုးတက်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ရေကြောင်းလမ်းမှတစ်ဆင့် ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ ဒေသတွင်းစက်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မှုများ နည်းပါးလာမည် ဖြစ်ပြီး မိမိတို့ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ထုတ်ကုန် ပစ္စည်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းမည်ဖြစ်ကြောင်း။

 

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် ကြီးပွားရေး လုပ်ငန်းများအတွက် အချို့ကို မိရိုးဖလာ လုပ်ဆောင်မှုများမှ ဖောက်ထွက်၍ ဆောင်ရွက်ရန် စဉ်းစားရမည်ဖြစ်ကြောင်း၊ အစွဲအလမ်းများမထားဘဲ ကောင်းမွန်မည်ဟုထင်ပါက ပြောင်းလဲဆောင်ရွက်သင့်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် ကောင်းမွန်သည့် အင်္ဂါရပ်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အခြေခံကောင်းများရှိပြီးဖြစ်သဖြင့် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မည်ဆိုပါက ယခုထက်ပိုမို တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း။

 

အစိုးရတစ်ရပ်သည် ပြည်သူများ၏ ယုံကြည်မှုရှိရန်၊ ပြည်သူမှ အားကိုးသည့် အစိုးရဖြစ်ရန်လိုကြောင်း၊ ပြောသည့် အတိုင်းဖြစ်အောင် လုပ်ရန်လိုကြောင်း၊ မိမိတို့သည် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံ၏အကျိုးကို စီမံခန့်ခွဲဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများသည် ပညာအရည်အချင်း သတ်မှတ်ချက်များဖြင့် တာဝန်ပေးအပ်ခြင်းဖြစ်သော်လည်း နိုင်ငံရေးသမားတွင် ပညာအရည်အချင်း သတ်မှတ်ချက်မရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများတွင် အတွေ့အကြုံများ များစွာရှိပြီး လက်တွေ့၊ စာတွေ့သင်ကြားပြီးကြသူများ ဖြစ်ကြောင်း၊ အခြေခံ ကောင်းများရှိပြီး ဖြစ်သဖြင့် နိုင်ငံတိုးတက်ရေးအတွက် သက်ဆိုင်ရာတာဝန်ယူထားသည့် ကဏ္ဍ များအလိုက် ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ယူဆောင်ရွက်ချိန်တွင် တတ်နိုင် သမျှအောင်မြင်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများအနေ ဖြင့်လည်း မိမိတို့ကျရာတာဝန်များကို နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရေး နိုင်ငံ့ အကြီးအကဲ တစ်ယောက်ဟူသည်ထက် ဝန်ထမ်းအကြီးအကဲတစ်ယောက်အဖြစ်ဖြင့် ဂုဏ်ယူစွာ တိုက်တွန်းလိုကြောင်းဖြင့် မှာကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး (၉) ထပ် တိုးချဲ့ဆောင်ဆောက်လုပ် ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့ (၁၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုး က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်း ဆောင်ရွက်လျက်ရှိမှု၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဆေးရုံအဆောက်အအုံနှင့် အခန်းများ ထည့်သွင်းဆောင်ရွက်ရာတွင် အရေးပေါ်အခြေအနေများကိုပါ ထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆောက်ရေးပိုင်းနှင့် ပတ်သက်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး၍ ဖွင့်လှစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လာရောက် ကုသသည့် လူနာများအနေဖြင့် စိတ်လက်သက်သာစွာဖြင့် ဆေးဝါးကုသမှုခံယူနိုင်စေရေး ရှုထောင့်မျိုးစုံမှ တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့သည်။

 

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားကြီး၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ဘုရားကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဘုရားကြီးကို လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ဘုရားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်၊ မိုးများသည့် ဒေသဖြစ်သည့်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ဘုရားကြီးပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မှတ်တမ်း ဓာတ်ပုံများစနစ်တကျဖြင့် ထိန်းသိမ်းထားရှိရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

 သတင်းစဉ်