နေပြည်တော် ၁၄ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာ၌ ဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စများ၊ ဝန်ကြီးဌာနနှင့် နားလည်မှုသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအတွင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို ပြည်သူများ အကျိုးရှိစွာ ခံစားရရှိစေရေးလိုအပ်သော ညှိနှိုင်းကြီးကြပ်မှုများ၊ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးသည်။
ထို့အပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး မသန်စွမ်းအခွင့်အရေးများဆိုင်ရာ ကော်မတီတို့ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ လူငယ်ရေးရာကော်မတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဘဏ္ဍာငွေခွဲဝေရရှိနိုင်ရေး၊ သဘာဝဘေးကြောင့် ပျက်စီးသွားသော ရွာချင်းဆက် ကုန်ထုတ်လမ်း၊ တံတားများ အလျင်အမြန်ပြန်လည် ပြုပြင်တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ရေကြည်မြို့နယ်၊ ချောင်းဝကျေးရွာချင်းဆက်တံတား၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား၊ လေးမျက်နှာမြို့နယ် ကျည်တော်စု-သောင်တန်းကျေးရွာချင်းဆက် တံတားတို့အတွက် တံတားတစ်စင်းလျှင် ငွေကျပ်သိန်း(၅၀)ဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၅၀)ကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က လက်ခံခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအမျိုးသမီး ကော်မတီဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ပြည်တွင်း/ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး ဂေဟာများ၊ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောအသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သဖြင့် ဝမ်းမြောက်ကြိုဆိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာများအနေဖြင့် စီမံကိန်းအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက်ကလေးငယ်များ ငွေကြေးထောက်ပံ့ခြင်း(MCCT)နှင့် ပညာပေးအစီအစဉ်များ ကိုရှင်းလင်းတင်ပြခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံများက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ MCCT အစီအစဉ် အကောင်အထည်ဖော်မည့် ကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


