နေပြည်တော် ၃၀ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးလှကျော်သည် အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဖျာပုံခရိုင် ဘန့်ဘွေးစုကျွန်းပတ်တာသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းဆောင်ရွက်မည့် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း AIIP Phase 2 ရှေ့ပြေးစိစစ်ခြင်း လုပ်ငန်းဆိုင်ရာ များအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာန မျိုးစေ့ဌာနခွဲရုံး အောက်ကွင်းကြီး မျိုးသန့်ခြံသို့ရောက်ရှိပြီး ဒေသအတွက်ဆန်စပါး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စိုက်ပျိုးရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးသက်ဇင်မောင်က ရှင်းလင်းတင်ပြရာတွင် ဖျာပုံမြို့နယ်အတွင်း မျိုးစေ့ထုတ်လုပ်ငန်းများအား Contract Farming စနစ်ဖြင့်ဆောင်ရွက်ပြီး တောင်သူများထံ မျိုးဖြန့်ဝေ ဆောင်ရွက်ပေးနေမှု၊ ပုဂ္ဂလိကဆန်စက်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှုအပေါ် အားပေးကူညီ ဆောင်ရွက်ပေးနေမှု၊ စိုက်ပျိုးရေး ဉီးစီးဌာနနှင့် ကိုရီးယားနိုင်ငံ တို့အကြား နှစ်ဖက်သဘောတူညီမှုအရ ၂၀၂၁ ခုနှစ်တွင် ဖျာပုံမြို့နယ်တွင် Agriculture Service Center စတင်တည်ဆောက်ရန် စီမံထားမှု လုပ်ငန်းစဉ်၊ Welthungerhilfe (WHH)မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (Rice Seed Sector Development Project-RSSD)မှ ထောက်ပံ့ပေးသည့် စက်ကိရိယာ၊ အဆောက်အဦ၊ တလင်းများဖြင့် မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသို့ ရောက်ရှိကြပြီး မျိုးစေ့အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးသည်။
(သတင်းစဉ်)


