နေပြည်တော် ၂၈ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော်သည် ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက ဖျာပုံခရိုင် ဘန့်ဘွေးစုကျွန်းပတ်တာသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်မည့် စိုက်ပျိုးရေး ဝင်ငွေ တိုးတက်ရေးစီမံကိန်း AIIP Phase 2 ရှေ့ပြေးစိစစ်ခြင်း လုပ်ငန်းဆိုင်ရာများအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ ဖျာပုံ၊ မအူပင်မြို့တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း AIIP Phase 2 ၏ စီမံကိန်းလျာထားချက်များအား ရှင်းလင်း တင်ပြသည်။
ယခုအခါ ဘန့်ဘွေးစုကျွန်းပတ်တာမှ မိုးစပါးစိုက်ဧက(၁၅၈၂၀)ဧက၊ နွေစပါးစိုက်ဧက (၁၃၃၀၄) ဧက၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာမှ မိုးစပါးစိုက်ဧက(၂၄၅၇၁) ဧက၊ နွေစပါး စိုက်ဧက(၃၄၂၆)ဧကဧက ၊ ဒေါင့်ကြီးအနောက်ကျွန်းပတ်တာမှ မိုးစပါး စိုက်ဧက (၁၄၉၆၉)ဧက ၊ ဘိုကလေးမြို့နယ် ဒေါင့်ကြီး အထက်ကျွန်းပတ်တာမှ မိုးစပါး စိုက်ဧက(၂၈၀၂) ဧက ၊ ကျိုက်လတ် မြို့နယ် သုံးခွကျွန်းပတ်တာမှ မိုးစပါး စိုက်ဧက(၁၇၈၁၉) ဧက၊ နွေစပါးစိုက်ဧက (၁၈၅၉၄)ဧက ၊ မအူပင်ကျွန်း တောင်ပိုင်း တာမှ မိုးစပါးစိုက်ဧက(၉၇၆၆) ဧက ၊ မအူပင်ကျွန်း မြောက်ပိုင်းတာမှ မိုးစပါး စိုက်ဧက(၂၂၇၀၉) ဧကတို့အား အကျိုးပြုလျက်ရှိသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဖျာပုံခရိုင် ဖျာပုံမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာန မျိုးစေ့ ဌာနခွဲရုံးအောက်ကွင်းကြီး မျိုးသန့်ခြံသို့ရောက်ရှိပြီး ဒေသအတွက် ဆန်စပါးမျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စိုက်ပျိုးရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးသက်ဇင်မောင် က ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီးက လိုအပ်ချက်များပေါင်းစပ် ညှိနှိုင်းပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ မျိုးစေ့အရည်အသွေး စစ်ဆေးခန်း သို့ ရောက်ရှိကြပြီး မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


