ပုသိမ် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧရာဝတီတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ ၈ ပါတီမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအရာရှိက ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီး ပါတီကော်မတီဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူ များက မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။
MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို မွန်းလွဲပိုင်းတွင် ပုသိမ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၄၇၆)ဦး လက်တွေ့ စမ်းသပ်မဲပေးကြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် MEVM စက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)