ဧရာဝတီတိုင်းဒေသကြီးတွင် ပုံမှန်ဈေးဖြင့် စပါးအရောင်းအဝယ်ဖြစ်နေပြီး တစ်ဧကလျှင် အနည်းဆုံး ၄ သိန်းဝန်းကျင် အမြတ်ရရှိနေ အချို့ ၁၀ သိန်းကျော်ခန့် အမြတ်ရရှိ

ရန်ကုန် မေ ၂

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း ပုံမှန်အနေအထားဖြင့် စပါးအရောင်းအဝယ်ဖြစ်နေပြီး လယ်သမားများအနေဖြင့် တစ်ဧကလျှင် အနည်းဆုံး ၄ သိန်းဝန်းကျင် အမြတ်ရရှိကာ အချို့မှာ ၁၀ သိန်းကျော်ခန့်အထိ အမြတ်ရရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဈေးကွက်အတွင်း ဝယ်လက်များလည်းရှိနေပြီး ယခင်နှစ်များကဲ့သို အများစုစပါးရောင်းချိန်တွင် စပါးဈေးထိုးကျသွားခြင်းမရှိဘဲ ယခုနှစ်အတွင်း ဈေးအတက်၊ အကျ မရှိဘဲ ပုံမှန်အနေအထားဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း လည်းဆိုသည်။

"စပါးကတော့ အမြော်အမြင်နဲ့ဝယ်ကြတယ်။ လယ်သမားကလည်းရောင်းနေတယ်၊ ဝယ်လက်တွေလည်းရှိနေတယ်။ အရင်တုန်းကတော့ လယ်သမားတွေ တအားစုပြုံရောင်းတဲ့အချိန်ဆို ဈေးတွေပြုတ်ကြတာတွေရှိတယ်၊ ဒီနှစ်ကတော့ ဈေးကပုံမှန်လေးပဲ၊ ကျလည်းမကျဘူး၊ တက်လည်းမတက်ဘူး၊ ပုံမှန်အနေအထားနဲ့ အ ရောင်းအဝယ်ဖြစ်နေတယ်။ စပါးတွေကပေါ်ကာစနဲ့ အခုချိန်က စပါးအရည်အသွေး ကွာသွားပြီ။ ပုသိမ်ဘက်ဆိုရင် ပင်လယ်ရေနည်းနည်းပါလာပြီး ရေတွေငန်လာရော။ ငန်လာတဲ့ရေတွေကို တင်မိတဲ့လယ်တွေက အရည်အသွေးတွေကျပြီး အကျိုးအကြေတွေရှိတာပေါ့။ အဲဒါမျိုးတွေကျ တင်း ၁၀၀ ကို အနိမ့်ဆုံးစပါးတွေဆို ၁၈သိန်း၊ သိန်း၂၀ ပေါ့" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူက ဆိုသည်။

နွေစပါးစိုက်ပျိုးချိန်  များသောအားဖြင့် စိုက်ပျိုးစရိတ်အပါအဝင် ကုန်ကျစရိတ်မှာ တစ်ဧကကို ၈သိန်းခန့်အထိ ကုန်ကျစရိတ်ရှိပြီး စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကကို ၆၀၊ ၇၀ပဲထွက်ရှိပါက လက်ရှိပေါက်ဈေးအနေအထားအရ တစ်ဧကလျှင် အနည်းဆုံး ၃သိန်းကျော်၊ ၄ သိန်းခန့် ကျန်ကြောင်းနှင့် တောင်သူအချိုမှာ စပါးအထွက်နှုန်း ပိုများသည့် နယူးဧရာကဲ့သို စပါးမျိုးများ စိုက်ပျိုးကြပြီး(၁၀)ဝန်းကျော်အထိ အမြတ်ရရှိကြောင်း သိရသည်။

"နွေစပါးက စိုက်ပျိုးစရိတ် ၊ ဘာညာအပါအဝင် တစ်ဧကကို ၈သိန်းလောက်ရှိတယ်။ ဒီတော့ တစ်ဧကကို ၆၀၊ ၇၀ ထွက်တယ်ဆိုပါစို့။ ၆၀ ထွက်ရင် ၁၂သိန်းရမယ်။ ၈ သိန်းသုံးရင် တစ်ဧကကို ၄ သိန်းပိုမယ်၊ ၁၈ သိန်းဈေးဆိုရင် ၁၁ သိန်း၊ ၁၁ သိန်းကျော်လောက်ရတော့ ၃ သိန်းကျော်လောက်ပိုတယ်။ စွန့်စားတဲ့ အချိုလယ်သမားတွေဆိုရင်  နယူးဧရာတို့လို စပါးစိုက်ကြသူတွေဆို တစ်ဧကကို ၁၀၀ကျော်၊ ၁၂၀၊ ၁၃၀လောက်ထွက်တာ။ ၁၂၀ထွက်ရင် ၂၄သိန်းရမယ်၊  ၁၀သိန်းလောက် မြတ်တယ်။ ၁၈သိန်းဈေးနဲ့ တွက်မယ်ဆိုလည်းမြတ်တာပဲ။ ဘာပဲဖြစ်ဖြစ် လယ်သမားတွေ တွက်ချေကိုက်ပါတယ်"ဟုဆိုသည်။

ထို့အပြင် မိုးရာသီအချိန်တွင် တောင်သူများအနေဖြင့် နွေစပါးကဲ့သို ဓာတ်မြေဩဇာ သုံးရန်မလိုတော့သည့်အတွက် ကုန်ကျစရိတ် ပိုမိုသက်သာရာ ပို၍ အဆင်ပြေကြောင်းလည်း သိရသည်။

"မိုးစပါးဆိုရင် ပိုတောင်တွက်ချေကိုက်အုံးမယ်။ မိုးတွင်းဆို ရေတက်၊ ရေကျကဖြစ် နုံးတွေတင်ကျန်ခဲ့တော့ ဓာတ်မြေဩဇာ သိပ်သုံးစရာမလိုဘူး။ ဒါကြောင့်  ကုန်ကျစရိတ်က ပိုသက်သာတယ်လေ။  ဓာတ်မြေဩဇာ တစ်အိတ်လောက်လျော့ရင်ကို  တစ်သိန်းလောက် လျော့သွားပြီ၊ ဘာပဲဖြစ်ဖြစ် တောင်သူတွေ အဆင်ပြေပါတယ်"ဟု‌ပြောသည်။

MT