ပုသိမ် ဧပြီ ၁၇
၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ ကန်သုံးဆင့်ရေပြင်တွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်သုံးဆင့်ရေပြင်အတွင်းသို့ ငါးမြစ်ချင်း ကောင်ရေတစ်သိန်းနှင့် ရွှေဝါငါးကြင်းကောင်ရေ တစ်သိန်းတို့ကို တစ်ပြိုင်တည်း ဘေးမဲ့လွှတ်ကာ ကုသိုလ်ပြုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူး သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုတောင်းဂုဏ်ပြုစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပူဇော်ကန်တော့ခံ အဘိုး၊ အဘွားများကို ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ခံ အဘိုး၊ အဘွားတစ်ဦးချင်းစီအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများက ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွားများကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် အဘိုး၊ အဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များက ခြေသည်းလက်သည်း ညှပ်ပေးခြင်းများကို ကြည့်ရှုအားပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူး သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွား ၉၉၀ အား ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းသိန်း ၄၉၀ ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


