ပုသိမ် ဇူလိုင် ၆

 

အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ငပုတောမြို့နယ် ရေကျော်အောက်စံပြကျေးရွာမှ စက်ချုပ်လုပ်ငန်း လုပ်ကိုင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လေးမျက်နှာမြို့နယ် ပိန်းအင်းကျေးရွာအုပ်စု ကြံတောစုကျေးရွာမှ မော်တော်ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သည်။

 

ထို့နောက် ပုသိမ်မြို့ ကျောက်တိုင် အားကစားကွင်း၌ ပုသိမ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်၊ ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ပြီး အမှတ်(၃)၊ အမှတ် (၅) ရပ်ကွက်ကိုယ်စားပြု Royal 35FC အသင်းနှင့် သလပ်ခွာ တိုက်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)