ပုသိမ် ဇူလိုင် ၁
Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် Ayeyawady FC အသင်းမှ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူများ၏ Meet The Future အစီအစဉ်ကို ယနေ့ညနေပိုင်းက ပုသိမ်မြို့ ကိုးသိန်း ဖူဆယ်အားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်အားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် Ayeyawady FC အမျိုးသမီးအသင်းမှ နည်းပြ၊ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူများ၏ ဘောလုံးအခြေခံ အားကစားနည်းများ လေ့ကျင့်ဆောင်ရွက်မှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်း၌ ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အမှတ် ၇၊ ၈ ရပ်ကွက် ကိုယ်စားပြု BRETHREN FC အသင်းနှင့် အမှတ် ၁၂၊ ၁၅ ရပ်ကွက် ကိုယ်စားပြု FAMILY FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


