ကြံခင်း ၂၇ ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် (ကြံခင်း)၊ စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ကြံခင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

01

 

ဒုတိယပိုင်းအစီအစဉ်ကို အောင်ကျော်ခန်းမ၌ ဆက်လက်ကျင်းပရာ အ.ထ.က(၁)မှကျောင်းသား၊ ကျောင်းသူများက "ကလေးစာပေပွဲတော် Theme Song" သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်''မြို့နယ်ကလေးစာပေ ပွဲတော်ကို ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့ထကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတနှင့် လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင် ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်များကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး အများစု ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ 

 

02

 

‘ရိုးသားကြိုးစားဧရာဝတီသား’ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကလေးသူငယ်များအား ဘက်စုံထူးချွန်သူများ ဖြစ်လာအောင် ဤပွဲတော်မှစ၍ တာဝန်ရှိသူများက ပြုစုပျိုးထောင် သွားကြစေလိုကြောင်း၊ ကလေးများအား မိမိတိုင်းဒေသကြီးအတွင်းရှိ ဘက်စုံကဏ္ဍစုံမှ ထူးချွန်ကြသည့် ပုဂိ္ဂုလ်များအား သိမြင်ပြီး အားကျလာစေရန် ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများ ပြခန်းအား ထည့်သွင်းပြသထားကြောင်း၊ ၄င်း ပြခန်းတွင်ပြသ ထားသည့်နယ်ပယ်စုံမှပုဂ္ဂိုလ်ကြီးများကဲ့သို့ ထူးချွန်သောပုဂ္ဂိုလ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကလေးသူငယ်များရင်ထဲတွင် သိချင်သည့်စိတ်၊ တတ်ချင်သည့်စိတ်၊ လေ့လာ သင်ယူ ချင်သည့်စိတ်များ တစ်သက်တာ ကိန်းအောင်းပေါ်ပေါက်လာစေရန်လည်းရည်ရွယ်ပါကြောင်း၊ မြို့နယ်အဆင့် ကလေး စာပေပွဲတော်များကို ချောင်းသာမှစ၍ ခရိုင်အဆင့်(၂)မြို့နယ်၊ မြို့နယ်အဆင့် (၁၆)မြို့နယ်၊ မြို့အဆင့်(၂)မြို့၊ စုစုပေါင်းမြို့နယ်(၂၀)တွင် ကျင်းပခဲ့ပြီး ယခုကျင်းပသည့်မြို့နယ်သည် အကြိမ် (၂၀) မြောက်ဖြစ်ကြောင်း၊နောင်နှစ်များတွင်လည်း ယခုကဲ့သို့ကလေးစာပေပွဲတော်များကို ကျင်းပပေးစေ လိုကြောင်းကို ပြည်သူများထံမှ ကြားသိရသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းသာပီတိဖြစ်ရကြောင်းပြောကြားသည်။

 

07

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကလေးစာပေပွဲတော် (ကြံခင်း) ၌ ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများပြခန်း၊ ကလေးစာဖတ်ခန်း၊ ပြိုင်ပွဲများ၊ ပညာရေး၊ ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးနှင့်သစ်တော၊ မွေးမြူရေးနှင့်ကုသရေး၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးနှင့်ကြက်ခြေနီတပ်ဖွဲ့ပြခန်းနှင့် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းပြခန်းများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  ၏  Unicode စနစ်ပြောင်းလဲရေး ဝန်ဆောင်မှုပေးခြင်းဆောင်ရွက်နေမှုများ၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင် 
နေမှု၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းအသိပညာပေးမော်တော်ယာဉ်ဖြင့် အသိပညာပေးဆောင်ရွက် နေမှုများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ် (၂၆) မြို့နယ်၌ ကလေးစာပေပွဲတော်များကို ဆက်လက်ကျင်းပလျက်ရှိရာ ကလေးစာပေပွဲတော်(ကြံခင်း)ကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးပြန်/ဆက်