ဖျာပုံ ဒီဇင်ဘာ ၈

 

ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျီးနှစ်ပင်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု (၆)အုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ဒီဇင်ဘာ ၈ ရက် နံနက် ၇ နာရီက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြည်သူများ အမှန်တကယ်လိုအပ်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကွင်းဆင်းဆောင်ရွက်ပေးသည့်အတွက် အထူးပင်ဂုဏ်ယူပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုကဲ့သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခြင်းကြောင့် ရွေး​ကောက်ပွဲအချိန်ကာလများတွင် ဆန္ဒမဲပေးရာ၌ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖျာပုံမြို့နယ်၊ ကျီးနှစ်ပင်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု(၆)အုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၁၄)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၄၅)ခုအား ပြည်သူတစ်ဦးချင်းထံနှင့် ကျေးရွာအုပ်စု တာဝန်ခံကိုယ်စားလှယ်များထံသို့ ပေးအပ်ခဲ့သည်။

 

ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ရန် လျာထားမှု ၉၉၇၀ ဦးရှိပြီး ဆောင်ရွက်ပြီး ၅၃၆၁ ဦးရှိရာ ပြီးစီးမှုမှာ ၅၃ ဒသမ ၇၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

 

အောင်ဝင်းနိုင် (ဖျာပုံခရိုင် ပြန်/ဆက်)