ပုသိမ်   ၂၀   မေ

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်း ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပုသိမ်မြို့  ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ တစ်ခုတည်းဖြစ်ပွားခြင်း မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရကြောင်း၊ ဧရာဝတီတိုင်းအနေဖြင့် နာဂစ်ကဲ့သို့ သဘာဝဘေးဒဏ်ခံခဲ့ရသည့် အတွေ့အကြုံများရှိခဲ့သည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် စေတနာနှင့်ပညာကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဖြစ်လေ့ဖြစ်ထမရှိသော လုပ်ငန်းကို လုပ်ဆောင်ရသည့်အတွက် အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုစေတနာ့လုပ်ငန်း လုပ်ဆောင်ရာတွင် မိမိကိုယ်မိမိ မကူးစက်အောင် ကာကွယ်ရင်း ပြည်သူများသို့လည်း မကူးစက်အောင် စိတ်အားထက်သန်စွာ ကူညီသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သင်တန်းတွင် မိမိတို့ကိုယ်တိုင်လည်း သေချာလေ့လာသင်ယူပြီး မိမိနီးစပ်ရာ ပတ်ဝန်းကျင်ပြည်သူများကိုလည်း အသိပညာ လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ” ဟု အမှာစကားပြောကြားပြီး သင်တန်းသားများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

 

တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး ဒေါ်နော်သဝါးက “ယခုကဲ့သို့သင်တန်းမျိုး ပုသိမ်၊ ဖျာပုံ၊ ဝါးခယ်မ၊ လပွတ္တာနှင့် ဟင်္သာတမြို့ ၅ မြို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိကြောင်း၊ တိုင်းအတွင်း မြို့နယ် အားလုံးတွင်လည်း ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းကို မေ ၂၀ မှ ၂၄ ရက်ထိ (၅) ရက်ကြာကာလအတွင်း (၈) ကြိမ်၊ တစ်ကြိမ်လျှင် သင်တန်းသား ၃၀ ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း” ပြောသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းအမျိုးသား ၆၀၀၀ ဦး၊ အမျိုးသမီး ၁၀၉၇ ဦး၊ စုစုပေါင်း ၇၀၉၇ ရှိကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)