ဧရာဝတီတိုင်း၌ ပီလောပီနံအဝယ်ဒိုင်တချို့ ပြန်လည်ဖွင့်လှစ်

ကျုံပျော်၊ ၂၉ ဒီဇင်ဘာ

COVID-19 ကူးစက်မှုကြောင့် ဇူလိုင်လဝန်းကျင်က အဝယ်ရပ်တန့်၍ ပိတ်သိမ်းသွားသော ဧရာဝတီတိုင်းရှိ ပီလောပီနံအဝယ်ဒိုင်တချို့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

“ပီလောပီနံဒိုင်တွေကတော့ ပြန်ဖွင့်နေပါပြီ။ ပီလောပီနံအမှုန့်ဈေးကတော့ တစ်ပိဿာကို ကျပ် ၇၀၀ ပဲရတယ်။ ဈေးမကောင်းသေးပါဘူး။ ကိုဗစ်မဖြစ်ခင်တုန်းကတော့ ဒီလိုအချိန်ဆို တစ်ပိဿာကို ကျပ် ၈၅၀ ရခဲ့ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းရဲကျေးရွာရှိ ရွှေပုစွန်ပီလောပီနံစက်မှ ဦးသန်းလတ်က ပြောပြသည်။

၂၀၁၉ ခုနှစ်က ပီလောပီနံအမှုန့် တစ်ပိဿာလျှင် ကျပ် ၁၂၀၀၊ ၂၀၂၀ ပြည့်နှစ် မေလအကုန်ပိုင်းတွင် ပီလောပီနံအမှုန့် တစ်ပိဿာလျှင် ကျပ် ၈၅၀ ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး ယခုအခါ ဈေးကွက်မသေချာသည့် အခြေအနေကို တောင်သူများကြုံတွေ့နေရသည်။

ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ကျောင်းကုန်း၊ အထောင်ဒေသများတွင် အများဆုံး စိုက်ပျိုးနေပြီး စိုက်ပျိုးသူများက ပီလောပီနံဥကို အခြောက်ခံကာ အမှုန့်ပြုလုပ်၍ ရန်ကုန်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။

“ပီလောပီနံပင်က စိုက်သက်တမ်း ရှစ်လကြာပါတယ်။ တူးပြီးတဲ့ ပီလောဉတွေကို အမှုန့်ပြုလုပ်ပါတယ်။ အမှုန့်လုပ်ပြီးရင်တော့ ကျုံပျော်မှာရှိတဲ့ ပွဲရုံကို တင်ပို့ရောင်းချပါတယ်။ ပွဲရုံကတစ်ဆင့် တခြားဒေသတွေကို ပြန်ဖြန့်ပါတယ်။ အခုချိန်က ဈေးကျနေတော့ လှောင်ထားနိုင်ရင်တော့ ကောင်းတယ်။ တောင်သူတွေကလည်း စိုက်ပျိုးစရိတ် ကုန်ကျထားတာတွေ ရှိတာကြောင့် ဒိုင်ဖွင့်တယ်ကြားတာနဲ့ ရတဲ့ဈေးနဲ့ ရောင်းထုတ်နေကြတာပါ” ဟု ဦးသန်းလတ်က ဆက်လက်ပြောပြသည်။

ပီလောပီနံစိုက်ပျိုးပါက တစ်ဧက စိုက်ပျိုးစရိတ် ပျမ်းမျှ ကျပ် ၃၅၀၀၀၀ ဝန်းကျင်ကုန်ကျပြီး တစ်ဧက လျှင် ပီလောဥ ပိဿာချိန် ၄၅၀၀ ထွက်ရှိသည်။ ပီလောဥ ပိဿာ ၁၀၀ လျှင် အမှုန့်အချိန် ၃၀ ထွက်ရှိကြောင်း သိရသည်။

နန်းထက်ထက်ချစ်