ပုသိမ် ၂၆ ဧပြီ

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ကုန်များ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ပြီး လက်ခံရယူခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်က “ယနေ့အချိန် အခါသည် COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘာကြီးမှာ အရေးကြီးတဲ့အချိန် ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ လိုအပ်လျက်ရှိနေပါကြောင်း၊ ဒီအချိန်တွင် လူသားအချင်းချင်း စာနာထောက်ထားမှု စေတနာရှိရှိ ရည်ရွယ်ချက်ရှိရှိဖြင့် စေတနာရှင်အလှူရှင်များက ပြည်သူလူထုအတွက် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းအတွက် ဝမ်းမြှောက်ဂုဏ်ယူပါကြောင်း” စသည်ဖြင့် ဂုဏ်ပြုအဖွင့်စကား ပြောကြားသည်။

 

ထို့နောက် လှူဒါန်းပွဲဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ပဲ၊ နှမ်း၊ ကုန်သည်များအသင်းက  မြို့နယ်(၂၀)မြို့နယ်တွင် အသုံးပြုရန် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကျန်းမာရေးထောက်အကူပြု ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်၊ စိန်ထန်းပင်ပွဲရုံမိသားစုမှ မြို့နယ် (၁၀)မြို့နယ်ရှိ ရှေ့တန်းကျန်းမာရေး ဝန်ထမ်းများအတွက် ထောင်ပံ့ရေးအလှူငွေ ကျပ်သိန်း ၅၀ နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သောက်ရေသန့် လုပ်ငန်းရှင်များအသင်း ကိုယ်စား ပုသိမ်မြို့ ကောင်းသန့်ရေသန့်လုပ်ငန်းရှင် ဦးဂျော့ခင်ရွှေက ငွေကျပ် ၉၈၀၀၀၀ တန်ဖိုးရှိ သောက်ရေသန့်နှင့် အစားအသောက်ပစ္စည်းများအား ပေးအပ်လှူဒါန်းကြရာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုတွတ် (ပြန်/ဆက်)