နေပြည်တော် နိုဝင်ဘာ ၂၇

 

ဧရာဝတီတံတား(ပခုက္ကူ ) ရေလမ်းတွင် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်း ကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၅)နှင့် (၁၆)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ် (၁၄) နှင့် (၁၅)အကြားမှလည်းကောင်း၊ ဖွင့်လှစ်ထားခဲ့သည်။

 

ယခုအခါ ရေနည်းကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရေလမ်းကြောင်း အခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၁၉  ခုနှစ်၊ ဒီဇင်ဘာ ( ၁ ) ရက် မှစ၍အစုန်/ အဆန်လမ်း အဖြစ် ရေလယ်တိုင်အမှတ် (၁၃)နှင့် (၁၄)အကြားသို့ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

 

ပြောင်းလဲမည့် ရေလမ်း၏ကင်းလွတ်အကျယ်မှာ(၂၆၂ )ပေရှိပြီးကင်းလွတ်အမြင့်မှာအမြင့် ဆုံးရေမျက်နှာပြင် အထက် (၅၂)ပေရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံ အမှတ်အသားပြသ၍ ညအခါမီးစိမ်းထွန်းပြသထားမည်ဖြစ်သည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ်အမှတ်အသားပြသ၍ ညအခါမီးနီထွန်းပြသထားမည် ဖြစ်သည်။

 

တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဘက်တစ်ချက်တွင် (၁၅)ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်(၂)ခု အကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်း သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

(သတင်းစဉ်)