နေပြည်တော် ၁၇ ဇွန်

 

ဧရာဝတီတံတား(ထီးချုင့်) ရေလမ်းတွင်ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်း ကြောင်း ကို အစုန်/ အဆန်လမ်းအဖြစ်  ရေလယ်တိုင်အမှတ်(၁၅) နှင့် (၁၆) အကြားမှဖွင့်လှစ်ထားခဲ့သည်။

 

ယခုအခါရေများကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရေလမ်းကြောင်းအခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ဇွန် ( ၂၀ ) ရက်မှစ၍ အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်(၁၄)နှင့် (၁၅)အကြားသို့လည်းကောင်း၊   အဆန်လမ်း အဖြစ် ရေလယ်တိုင်အမှတ် (၁၅ ) နှင့် (၁၆ )အကြားသို့ လည်းကောင်း၊  ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။ပြောင်းလဲမည့် ရေလမ်း၏ ကင်းလွတ်အကျယ်မှာ ရေလယ်တိုင်အမှတ် (၁၄ ) နှင့် (၁၅ )  အကြားတွင် (၃၄၄) ပေရှိပြီးရေလယ်တိုင်အမှတ် (၁၅ )နှင့် (၁၆ ) အကြားတွင် (၂၀ဝ)ပေခန့် ရှိမည် ဖြစ်သည်။

 

ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်(၄၇)ပေရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့်ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍၊ ညအခါမီးစိမ်း ထွန်းပြသထားမည်ဖြစ်သည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါအနီရောင်ကြက်ခြေခတ်အမှတ် အသားပြသ၍၊ ညအခါမီးနီထွန်းပြသထားမည် ဖြစ်သည်။

 

တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက် တစ်ချက်တွင်(၁၅)ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များရေလယ်တိုင်(၂)ခုအကြားမှ  ယှဉ်ပြိုင် ခုတ်မောင်းခြင်းမပြုကြရန်နှင့် တွဲရေယာဉ်များတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန် အပြင် ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

 

(သတင်းစဉ်)