အော့စလို ဇွန် ၃
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့တွင် ဖြစ်ပွားလျက်ရှိသော အီဘိုလာရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး တုံ့ပြန်ဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန် ဥရောပသမဂ္ဂ(EU)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥရောပ ဒေသဆိုင်ရာရုံးက ဇွန် ၂ ရက်တွင် ပြောသည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှာ ရောဂါကူးစက်ပြန့်ပွားမှုကို လျင်မြန်စွာထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို ကာကွယ်ပေးရေးနှင့် ဒေသတွင်း ကြိုတင်ပြင်ဆင်မှုများ အားကောင်းစေရေးတို့အတွက် သက်ဆိုင်ရာအာဏာပိုင်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ကြောင်း ကိုပင်ဟေဂင်အခြေစိုက် WHO ဥရောပဒေသဆိုင်ရာရုံးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
EU သည် ကူးစက်မှုဖြစ်ပွားရာဒေသများတွင် အရေးပေါ်လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အပြင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ယူဂန်ဒါနိုင်ငံတို့နှင့် အိမ်နီးချင်းနိုင်ငံများတွင် ကြိုတင်ပြင်ဆင်မှုနှင့် ကာကွယ်ရေးကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၄ သန်းကို ခွဲဝေချထားပေးလျက်ရှိကြောင်း သိရသည်။
EU နှင့် WHO တို့သည် ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်သည်အထိ အတူတကွလက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆင်ဟွာ


