နေပြည်တော် ၁၁ ဧပြီ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ လာရောက်သည့်ခရီးသည်များနှင့် COVID-19 ဓါတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများထံမှ အခြားသူများသို့ ရောဂါကူးစက်မှု မရှိစေရေးအတွက် လက်ရှိတွင် Facility Quarantine (၁၄)ရက်အား ထားရှိပြီးပါက မိမိနေအိမ်သို့ ပြန်လည်သွားရောက်မည့်သူများအတွက် နောက်ထပ်(၁၄)ရက် နေအိမ်တွင်သီးခြားနေထိုင်ရန် အကြံပြုတိုက်တွန်းချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
၂။ COVID-19 ရောဂါရှိသူများမှ ရောဂါပိုးစွန့်ထုတ်သည့်ကာလမှာ ရောဂါလက္ခဏာမပြမီ (၂)ရက်မှ ရောဂါလက္ခဏာပြပြီး (၂၈)ရက်အထိရှိကြောင်းနှင့် အဆိုပါကာလအတွင်း အခြားသူများသို့ ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနစာတမ်းများအရ Quarantine (၂၁)ရက် တိတိကျကျနှင့် စနစ်တကျထားရှိပါက ရောဂါကူးစက်မှုအား (၉၈.၇%)အထိ ထိန်းချုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည့်အပြင် ဒေသတွင်းနိုင်ငံအချို့တွင်လည်း Quarantine ကာလအား ဆေးရုံ/သတ်မှတ်နေရာများတွင် နေထိုင်ရမည့်ကာလနှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း ကာလစုစုပေါင်းအား (၂၈)ရက်အထိ သတ်မှတ်ထားကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် အထက်ပါ Quarantine (၂၈)ရက်ထားရှိမှုများအား ဓါတ်ခွဲစစ်ဆေးမှုအကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်သည့်နိုင်ငံများတွင် ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။
၃။ လက်ရှိအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါဓါတ်ခွဲအတည်ပြုလူနာ (၂၈) ဦးအနက် နိုင်ငံတကာမှ ပြန်လည်ရောက်ရှိလာသည့်ခရီးသွားများ (Imported cases) များ၊ ၎င်းတို့နှင့် အနီးကပ်ထိတွေ့သူများတွင်သာ အဓိကကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Contact Tracing ဆောင်ရွက်ခဲ့သည့် တွေ့ရှိချက်များအရ အချို့သော Confirmed လူနာများနှင့် အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်းပြီးစီးသည့်နောက် (၁၄)ရက်ကျော်သည်အထိ လူအချို့တွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရာ ရောဂါပိုးဆက်လက်တွေ့ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၄။ သို့ဖြစ်၍ နိုင်ငံအတွင်းရောဂါပျံ့နှုံ့မှုအား ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် သေချာမှုရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခင် Facility Quarantine အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်း (၁၄)ရက်ကာလအစား ယခု Community Based Facility Quarantine / Hotel Quarantine (၂၁)ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ (၇)ရက် စုစုပေါင်း (၂၈)ရက် ဆောင်ရွက်သွားကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


