နေပြည်တော် ဇန်နဝါရီ ၁၅

 

သစ်တောဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ အာရှဒေသ သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization- AFoCO) တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် "သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)"၏ စတုတ္ထအကြိမ်မြောက် စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ (PSC) အစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၌ ကျင်းပသည်။

 

ဉီးစွာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက FD-AFoCO Model Forest Project စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်များတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း၏ အဓိကရည်ရွယ်ချက်အနေဖြင့် သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် သစ်တောထိန်းသိမ်းခြင်းဖြင့် ဒေသခံအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများတည်ထောင်ရန် ဖြစ်ကြောင်းပြောကြားသည်။

 

ယခုအစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ရန်ပုံငွေသုံးစွဲထားရှိမှု အခြေအနေများ၊ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များနှင့် ရန်ပုံငွေလျာထားချက်ဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများက ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ AFoCO Secretariatမှကိုယ်စားလှယ်များ၊ သစ်တောဦးစီးရုံးချုပ်မှ စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးများ၊ FD-AFoCO Model Forest Project စီမံကိန်းမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

 

သတင်းစဉ်