ရန်ကုန် ၂၃ ဇန်နဝါရီ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် Fuji Film Myanmar တို့ ပူးပေါင်းကျင်းပသည့် Feeling 2020 ဓာတ်ပုံပြပွဲနှင့် ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်နှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၁၀)ဆု၊ အထူးဆု (၂)ဆုနှင့် ပရိသတ်အကြိုက်ဆုံးဆု တစ်ဆု တို့ကို ပေးအပ်ကြသည်။
အဆိုပါ ပြိုင်ပွဲကို ဓာတ်ပုံပညာရပ်များ စိတ်ဝင်စားမှုရှိစေရေး၊ ဓာတ်ပုံပညာနှင့် ဆက်စပ်၍ အခြားသော အနုပညာရပ်များကို ပူးပေါင်းတီထွင် ဖန်တီးနိုင်စေရေး၊ ကျောင်းသားကျောင်းသူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိပြီး ပျော်ရွှင်စွာ ပညာ သင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း ၁၆၉ ပုံကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သန့်ဇော်