ရန်ကုန် ၂၅ ဇန်နဝါရီ
Film & Television Lawyer Mr. Morris Averill ၏ ရုပ်ရှင်နှင့်ရုပ်မြင်သံကြား လုပ်ငန်းများဆိုင်ရာ စာချုပ်စာတမ်းများ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း အမှတ်(၅၀)၊ အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC) သင်တန်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် “Services Contracts Copyright, Moral Rights and Performers Rights” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို စတင်ရာ Film & Television Lawyer Mr. Morris Averill က ၎င်း၏ ရုပ်ရှင်ဆိုင်ရာထုတ်လုပ်မှု အတွေ့အကြုံများ၊ စာချုပ်စာတမ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေအကြောင်းအရာများနှင့် မူပိုင်ခွင့်ဆိုင်ရာများ၊ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ရုပ်ရှင်နှင့်ရုပ်မြင်သံကြား လုပ်ငန်းဆိုင်ရာ ဥပဒေ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများကို ရှင်းလင်းပြောကြားဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားသည်။
လာရောက်လေ့လာသူ ဒါရိုက်တာ မောင်သီက “နိုင်ငံတကာမှာတော့ ဒီအကြောင်းအရာတွေက အဓိကထားတဲ့ကိစ္စတွေပါ။ ကျွန်တော်တို့ဆီမှာတော့ အလေ့အကျင့်က ပျက်နေတယ်။ သူတို့ဆီမှာက မော်ဒယ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာတွေ စုံတယ်။ ကျွန်တော်တို့ဆီမှာက အဲဒါတွေနဲ့ပတ်သက်ပြီး ဥပဒေတွေ သိပ်မရှိသေးဘူး။ သူဆွေးနွေးသွားတဲ့ အထဲမှာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ ဘုံထုတ်ထားတာလေးတွေ သူပြောသွားတယ်။ အဲဒါလေးတွေ လေ့လာရတာ ကျွန်တော်တို့အတွက် အကျိုးအမြတ်ရှိပါတယ်” ဟုပြောသည်။
Film & Television Lawyer Mr. Morris Averill သည် နယူးဇီလန်နိုင်ငံသားဖြစ်ပြီး မီဒီယာနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆောင်ရွက်နေသော ရှေ့နေတစ်ဦးဖြစ်သည်။ ထို့အပြင် ၎င်းသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်ဖြန့်ချိသူတစ်ဦးဖြစ်ကာ ယင်းလုပ်ငန်းများဆိုင်ရာ စာချုပ်စာတမ်းများ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံရှိသူဖြစ်သည့်အပြင် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်းအရာများကို တက်သိကျွမ်းကျင်သူဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က ဦးဆောင်ဆွေးနွေးမည့် Mr. Morris Averill ၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဆိုင်ရာမှ တာဝန်ရှိသူများ၊ ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိသူများ၊ မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဥပဒေပညာရှင်များ၊ Oline မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အမှာစကား ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC) မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မူပိုင်ခွင့်ဥပဒေနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများရရှိစေရန်၊ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ၎င်းတို့၏ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်းအရာများကို ကြိုတင် သိရှိနားလည်ထားနိုင်ရန်နှင့် မိမိတို့၏ မူပိုင်ခွင့်ဆိုင်ရာဥပဒေ အခွင့်အရေးများကို ကာကွယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး