ရန်ကုန် ၁၁ ဒီဇင်ဘာ
Flydubai လေကြောင်းလိုင်း၏ ဒူဘိုင်း-ရန်ကုန်-ကရာဘီ- ရန်ကုန်-ဒူဘိုင်း ခရီးစဉ်ကို ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပျံသန်းပြေးဆွဲပြီဖြစ်ကြောင်း လေဆိပ် Terminal -1 ၌ ကျင်းပသည့် အဆိုပါ လေကြောင်းလိုင်းသစ် မိတ်ဆက်ပွဲမှ သိရသည်။
အဆိုပါ လေကြောင်းလိုင်းသစ်မိတ်ဆက်ပွဲတွင် ဒူဘိုင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံးခရီးစဉ်အဖြစ် ပျံသန်းရောက်ရှိလာသော Flydubai လေယာဉ်၏ ခရီးသည်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ Yangon Areodrome နှင့် Flydubai လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လေကြောင်းလိုင်းအသစ် စတင်ပျံသန်းခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
Flydubai လေကြောင်းလိုင်းသည် ဒူဘိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်တွင် ခရီးသည် ၁၇၄ ဦး (12C 162Y)ကို သယ်ဆောင်ပေးနိုင်မည့် B737-800 အမျိုးအစားလေယာဉ်ကို အသုံးပြုကာ နေ့စဉ်ချိတ်ဆက် ပျံသန်းပေးသွားမည်ဖြစ်ကြောင်း မိတ်ဆက်ပွဲမှ သိရသည်။
နေ့စဉ်ပျံသန်းမှုတွင် Flydubai လေကြောင်းလိုင်းမှ လေယာဉ်အမှတ် FZ1585 ဖြင့် ဒူဘိုင်းမှ ရန်ကုန်မြို့သို့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၅ မိနစ်တွင် ရောက်ရှိပြီး ရန်ကုန်မှ ကရာဘီ သို့ ည ၇ နာရီ ၄၀ မိနစ်တွင် ပျံသန်းမည်ဖြစ်သည်။
လေယာဉ်အမှတ် FZ1586 ဖြင့် ကရာဘီမှ ရန်ကုန်သို့ မြန်မာစံတော်ချိန် နံနက် ဝ၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး ရန်ကုန်မှ ဒူဘိုင်းသို့ နံနက် ၁ နာရီ ၅၀ မိနစ်တွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းလိုင်းသည် ခရီးစဉ်ပေါင်း ၉၀ ကျော် ချိတ်ဆက်ပျံသန်းပြေးဆွဲလျက်ရှိပြီး ဒူဘိုင်းနိုင်ငံအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်ကာ လာမည့်ဆယ်စုနှစ်အတွင်း လေယာဉ်ပေါင်း ၂၉၆ စင်းအထိ ပျံသန်းပြေးဆွဲရန် မျှော်မှန်းထားကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)