မန္တလေး ၊ ၂၇ ဇန်နဝါရီ
Food Safety project နှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်နှင့်ကုန်စိမ်းများကိုသာ (၄၁)လမ်း ကုန်စိမ်းတန်းညဈေး၌ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ သက်ဆိုင်ရာဒေသခံ စိုက်ပျိုးရေးဦးစီးဌာန များ၏ တာဝန်ယူဆောင်ရွက်မှုတို့ဖြင့် အစားအစာဘေးကင်းစိတ်ချရေးစီမံကိန်း (Food Safety project) များ ဆောင်ရွက်လျက်ရှိပြီး၊ သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ထား သည့် ဟင်းသီးဟင်းရွက် ကုန်စိမ်းများကိုသာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ (၄၁) လမ်းဈေး၌ ရောင်းချခွင့်ပြုမည် ဖြစ်သည်။
"စားသုံးသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနဲ့အညီ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သန့်ရှင်းလတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ၄၁ လမ်းဈေးမှာ ရရှိနိုင်ပါပြီ။ Food Safety ဟင်းသီးဟင်းရွက်ဆိုင်တွေကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနတွေက တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းစစ်ဆေးနေပါတယ်။ လိုအပ်တဲ့အပိုင်းတွေကိုလည်း လမ်းညွှန်မှာကြားနေပါတယ်။ ဒီစီမံကိန်းလှုပ်ရှားမှုတွေကို မတ္တရာ၊ ပုသိမ်ကြီး၊ ကျောက်ဆည် စတဲ့ ဒေသတွေမှာ စတင်နေတာကြာပါပြီ။ အမရပူရမြို့နယ်အတွက်ကိုတော့ ဒီနှစ်မှာ စတင်လိုက်တာဖြစ်ပါတယ်။ မန္တလေးမှာဆိုရင် ၄၁ လမ်းဈေးက ကုန်စိမ်းရောင်းချမှုအတွက် အကြီးဆုံးဈေးတစ်ခု ဖြစ်လို့ပါ။"ဟု မန္တလေးတိုင်း၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။
အစားအစာ ဘေးကင်းစိတ်ချရေးစီမံကိန်း Food Safety Project နှင့်အညီ ရောင်းချမည့် ကုန်စိမ်း/ ဟင်းသီး ဟင်းရွက်များသည် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ပညာပေးဆောင်ရွက်ထားသော Model Farms များမှ ထွက်ရှိပြီး၊ ဓာတုဓာတ်ကြွင်း(ပိုး/မှို+ အခြား) ပါဝင်ခြင်းရှိမရှိကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်ထားသည့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြောင်း သိရသည်။
"ရိတ်သိမ်းချိန်လွန်နည်းပညာနဲ့အညီ တောင်သူများကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးထုတ်လုပ်ပြီး၊ ကိုယ်တိုင်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ရမယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးစွဲထားတဲ့ ခြံမျိုးဆို ရောင်းချခွင့်မပြုပါဘူး။ စနစ်တကျဓာတ်ခွဲစစ်ဆေးပြီး ဘေးကင်းလုံခြုံတာသေချာတဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အနီပတ်လေးတွေ ပတ်ပေးပြီး ရောင်းချခွင့် ပြုတာပါ။"ဟု ဦးရဲနိုင်ဝင်းက ဆက်လက်ပြောသည်။
Food Safety Project ဖြင့် ဆောင်ရွက်လျက်ရှိသော ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများအား သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်သုံးစွဲနည်းသင်တန်းများနှင့် အခြား စိုက်ပျိုးရေးနည်းပညာများ ပို့ချခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နန်းထက်ထက်ချစ်


