၁၁ အောက်တိုဘာ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားနဲ့ ဘာလီကျွန်းတွေမှာ ငလျင် ပြင်အား ၆ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု ဒီကနေ့ မနက်အစောပိုင်းမှာ လှုပ်ခတ်ခဲ့သဖြင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။
“မနက်အစောကြီးမှာ လှုပ်ခတ်ခဲ့တာဖြစ်လို့ လူတွေ အိပ်မောကျနေတဲ့အတွက် ထွက်ပြေးချိန်မရလိုက်ဘူး။ အခုသေဆုံးသူတွေဟာ ဂျာဗားအရှေ့ပိုင်းရှိ ဆူမီနပ်ဒေသမှာ အဆောက်အအုံ ပြိုကျတဲ့အတွက်ဖြစ်တယ်လို့” အမျိုးသားသဘာဝဘေးအန္တရာယ် အေဂျင်စီရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
ဘာလီ ပင်လယ်ထဲက ၂၅ မိုင်ပတ်ဝန်းကျင်မှာ ငလျင်ဗဟိုဖြစ်တဲ့အတွက် အရှေ့ဂျာဗားရဲ့ မြို့တော် ဆူရာဘာရာ အထိ ငလျင်ဒဏ်ကို ခံစားမိကြောင်း သိရပါတယ်။ ဆူနာမီဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုး ထုတ်ပြန်တာ မရှိပါဘူး။
ပြီးခဲ့တဲ့ လကုန်ပိုင်းက ဆူလာဝေစီကျွန်းမှာ ပြင်းအား ၇.၅ မဂ္ဂနီကျု ရှိတဲ့ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၂၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီက အင်ဒိုနီးရှားအရှေ့ပိုင်း လွန်းဘွတ်မှာ ငလျင်ဆက်တိုက်လှုပ်ခတ်လို့ လူ ၅၅၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်တတ်တဲ့ ရပ်ဝန်းမှာ တည်ရှိပါတယ်။
MDN
ကိုးကား-AFP