၈ အောက်တိုဘာ

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူပမာဏဟာ  စိုးရိမ်စရာကောင်းတဲ့အခြေအနေသို့ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးက ဒီနေ့(ကြာသပတေးနေ့) မှာ ပြောကြားလိုက်ပါတယ်။ ၂၄ နာရီအတွင်း ပိုးတွေ့သူ ၄,၀၀၀ ကျော်ရှိလာတဲ့အတွက် ဧပြီလဆန်း ကစပြီး  ပိုးတွေ့ရှိသူ အများဆုံးဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ ထိန်းမရနိုင် အခြေအနေမှာ ရှိနေကြောင်း နိုင်ငံကို သတိပေးလိုက်ပါတယ်။

 

ဉရောပရဲ့ စီးပွားရေးအကြီးဆုံးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ဗုဒ္ဓဟူးနေ့ မှာ ၄,၀၅၈ ဦး ရှိပြီး အင်္ဂါနေ့ မှာ ၂,၈၂၈ ဦးကနေ ပိုးတွေ့သူအရေအတွက်ဟာ ခုန်တက်သွားတာကို တွေ့ရတာဖြစ်ပါတယ်။

 

ဂျာမနီနိုင်ငံမှ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု တားမြစ်ရေးအတွက် မျက်နှာဖုံးဝတ်ဆင်ရေး၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးနဲ့ လက်ဆေးရေးကို အဆက်မပြတ်လုပ်ဆောင်ရေးအပြင် ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ်ရှာဖွေရေး အက်ပလီကေးရှင်းကို လက်ကိုင်ဖုန်းတွေမှာ ထည့်ထားရေးနဲ့ အိမ်ခန်းတွေကို လေဝင်လေထွက်ရှိအောင် ပုံမှန် လုပ်ဆောင်ရေးကို ထပ်လောင်း ပြောကြားပါတယ်။

 

လာမယ့်သီတင်းပတ်တွေ အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ပမာဏဟာ တစ်နေ့ကို ၁၀,၀၀၀ ကျော်လောက်အထိ တိုးသွားနိုင်ကြောင်း၊ အဲဒီလို အခြေအနေကို မရောက်ဖို့မျှော်လင့်ကြောင်း ပြောပါတယ်။

 

ဂျာမနီနိုင်ငံရဲ့ ၁၆ ပြည်နယ်တွင်းမှာ ပြည်တွင်းခရီးသွားခြင်းကိုပါ တင်းကျပ်တဲ့စည်းမျဉ်းအောက်မှာ ထားရှိတာကို တွေ့ရပါတယ်။ နိုင်ငံတွင်းက ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များတဲ့ ဒေသမှ ခရီးသွားတွေအား ညအိပ်ခွင့် ပိတ်ပင်ထားပါတယ်။

 

နိုင်ငံတွင်းက ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများတဲ့ ဒေသဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ရာတွင် သီတင်းတစ်ပတ်အတွင်း လူဦးရေ ၁၀၀,၀၀၀ မှာ ပိုးတွေ့သူ ၅၀ ရှိတဲ့ ဒေသကို အနီရောင်ဇုန် အနေနဲ့သတ်မှတ်ထားပါတယ်။

 

ဂျာမနီနိုင်ငံမှာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၁၀,၁၄၄ ဦးရှိပြီး သေဆုံးသူ ၉,၅၇၈ ဦး ရှိကြောင်း သိရပါတယ်။ ဂျာမနီနိုင်ငံဟာ တခြားဥရောပနိုင်ငံတွေထက် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နည်းတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP