ဂျာမနီအစိုးရကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်ကြိုးပမ်းသည့် အကြမ်းဖက်အဖွဲ့ဝင် ၂၅ ဦးအား ဖမ်းဆီး

ဘာလင် ဒီဇင်ဘာ ၉

 

ဂျာမနီအစိုးရကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်ကြိုးပမ်းလျက်ရှိသည့် အကြမ်းဖက်အဖွဲ့တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၂၅ ဦးအား ရဲအရာရှိများက ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ဂျာမနီအစိုးရရှေ့နေများက ဆိုသည်။ 

 

ရဲအရာရှိများသည် ဂျာမနီ၊ အီတလီနှင့် သြစတြီးယားနိုင်ငံများရှိ နေရာပေါင်း ၁၃၀ ကျော်ကို ဝင်ရောက်စီးနင်းပြီး လက်ယာစွန်းထောက်ခံသူဟု သံသယရှိသူ ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။

 

Heinrich XIII မင်းသား Reuss နှင့် အမှုထမ်းဟောင်း တစ်ဦးတို့သည် ခေါင်းဆောင်များဟု ယူဆရကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသူများတွင်  ယမန်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်အမတ်တစ်ဦးလည်း ပါဝင်သည်ဟု ၎င်းတို့က ဆိုသည်။

 

Heinrich XIII မင်းသား Reuss သည် တစ်ချိန်က ဂျာမနီအရှေ့ပိုင်းရှိနေရာများကို အုပ်စိုးခဲ့သည့် မင်းဆက်၏ နောက်ဆုံးမျိုးဆက်ထဲမှ    တစ်ဦးအပါ အဝင်ဖြစ်သည်။

 

အဆိုပါအကြမ်းဖက်သမားများသည် ဂျာမနီနိုင်ငံ၏ အခွင့်အာဏာကို ယမန်နှစ် နိုဝင်ဘာလကတည်းက သိမ်းယူရန်နှင့် အစိုးရသစ်တစ်ရပ်   ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ 

 

ထို့ပြင် ပါလီမန်အဆောက်အအုံကိုလည်း ဝင်ရောက်စီးနင်းရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။ 

 

အဆိုပါအဖွဲ့တွင် ကျောထောက် နောက်ခံအစိုးရတစ်ရပ် ဖွဲ့စည်းထားပြီး စစ်ဘက်အဖွဲ့အစည်းမှ ဝန်ထမ်းဟောင်းများလည်း ပါဝင်ကြောင်း   သိရသည်။

 

ထို့ပြင် လက်ရှိတွင် ဂျာမန်စစ်တပ်နှင့် ရဲတပ်ဖွဲ့တွင် လူစုဆောင်းရန် ကြိုးပမ်းနေသည်ဟု ရဲအရာရှိများက ဆိုသည်။

 

အာဏာသိမ်းရန် ကြံစည်မှုနှင့် လုံခြုံရေးအာဏာပိုင်များထံ ၎င်းအဖွဲ့၏ ချဉ်းကပ်လာမှုများနှင့်ပတ်သက်သည့် ထိတ်လန့်ဖွယ်ရာ သတင်းများသည် နိုင်ငံအတွင်း၌ သတင်းခေါင်းကြီးပိုင်းများအဖြစ် ထွက်ပေါ်လျက်ရှိသည်။ 

 

ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်