၁၃  သြဂုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံများ ကာကွယ်ရေးအသုံးစရိတ် လုံလုံလောက်လောက် မထုတ်တာကို ခဏခဏ မကျေမနပ်ပြောဆိုသူပါ။

၇၀ ရာခိုင်နှုန်းနီးပါးကျခံပေးနေရ

ဥရောပတိုက်ကာကွယ်ရေးအတွက် ကျခံရမယ့်အသုံးစရိတ် ဝန်ထုပ်ဝန်ပိုးကို အမေရိကန်ကပဲ ကျခံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထရမ့်ကယုံကြည်ထားပါတယ်။ နေတိုးအဖွဲ့ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ခန့်က ဆိုဗီယက်ယူနီယံရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးနိုင်ဖို့ ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ အမေရိကန်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံများ အားလုံးရဲ့ကာကွယ်ရေးအသုံးစရိတ်အတွက် ၇၀ ရာခိုင်နှုန်းနီးပါး ကျခံပေးရသလို ဖြစ်နေပါတယ်။

အမေရိကန်က ခြိမ်းခြောက်

အခုအခါမှာလည်း ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး မကျေနပ်မှုကြောင့် ဂျာမနီမှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းတော့မယ်ဆိုပြီး အမေရိကန်ဘက်က ခြိမ်းခြောက်လာခဲ့ပါတယ်။ ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး အင်ဂျလာမာကယ်အစိုးရနဲ့ အငြင်းပွားမှုဖြစ်ပေါ်ခဲ့တာပါ။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ အမေရိကန်သံအမတ်ကြီး ရစ်ချက်ဂရီနေးက တကယ်လို့များ ဂျာမနီဟာ ကာကွယ်ရေး အသုံးစရိတ်အတွက် အရင်သဘောတူထားတဲ့ပမာဏဖြစ်တဲ့ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကိုအသုံးမပြုသေးဘူးဆိုရင် ဂျာမနီမြေပေါ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို ပြန်လည်ခေါ်ယူရလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

မကျေချမ်းစရာ

အမေရိကန်က အခွန်ထမ်းပြည်သူတွေဟာ ဂျာမနီမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်တွေအတွက် အခွန်ထမ်းနေချိန်မှာ ဂျာမနီကတော့ သူတို့ရဲ့ပိုလျှံငွေတွေကို ပြည်တွင်းအစီအစဉ်တွေမှာ အသုံးပြုပစ်တယ်။ ဒါဟာ တွေးကြည့်ရင် တကယ်ကို မကျေချမ်းစရာပါပဲလို့ မစ္စတာဂရီနေးက ဂျာမနီနိုင်ငံရဲ့ ဒီပီအေသတင်းအေဂျင်စီကို ပြောပါတယ်။ ဒီလိုမျိုးမှတ်ချက်ချပြောဆိုမှုကြောင့်လည်း နေတိုးမဟာမိတ် နိ်ုင်ငံတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား တင်းမာမှုတွေ ပိုဖြစ်လာမှာကိုစိုးရိမ်နေကြရပါတယ်။ သမ္မတထရမ့်ကလည်း ဂျာမနီနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်အတွက် ကျခံပေးမှုပမာဏကို မကျေနပ်နိုင်တာကလည်း အမှန်ပါပဲ။

အကြီးဆုံးတပ်ဖြန့်ချထားမှု

လက်ရှိမှာတော့ ဂျာမနီမှာ စခန်းချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၁၇၀ဝ၀ ခန့်ရှိပြီး အမေရိကန် အရပ်သားထောက်ပံ့ပေးရေး ဝန်ထမ်းကတော့ ၁၇၀ဝ၀ ခန့်ရှိပါတယ်။ ဒါဟာ ဥရောပမှာ အမေရိကန်ရဲ့ အကြီးမားဆုံး တပ်ဖြန့်ချထားခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက အနောက်ဂျာမနီဟာ ဆိုဗီယက်နဲ့ ရင်ဆိုင်ရာမှာ ရှေ့တန်းနေရာမှာရှိနေခဲ့ပြီး နေတိုးတပ်ဖွဲ့ရဲ့ အဓိကကာကွယ်ရေး ရှေ့တန်းဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်တပ်ဖွဲ့ဝင် အမြောက်အမြား ဂျာမနီမှာရှိနေခဲ့တာပါ။ အခုအခါမှာတော့ ဂျာမနီမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေရှိနေတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ ထင်နေတဲ့ သံတမန်ပိုင်းဆိုင်ရာ အရာရှိတွေကတော့ မစ္စတာဂရီနေးတစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။

ပိုလန်ကို ပြောင်းရွှေ့တော့မှာလား

ဝါဆောမြို့မှာရှိတဲ့ အမေရိကန်သံအမတ်ကြီး ဂျော်ဂျီရက်မော့စ်ဘက်ချာကလည်း ဂျာမနီမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေ ပိုလန်ကိုပြောင်းဖို့ ရွေးချယ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ပိုလန်နိုင်ငံဟာ နေတိုးအဖွဲ့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ကာကွယ်ရေးအသုံးစရိတ်မှာ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို ပြည့်မီအောင်အသုံးပြု ပါတယ်။ ဒါပေမယ့် ဂျာမနီကတော့ သူ့ရဲ့ဂျီဒီပီ ၂ ရာခိုင်နှုန်းပြည့်မီအောင် မသုံးသေးပါဘူး။ ဒါကြောင့် ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေ ပိုလန်ကိုပြောင်းလာဖို့ ဝမ်းပန်းတသာ ကြိုဆိုပါတယ်လို့ မစ္စ မော့စ်ဘက်ချာက တွစ်တာစာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

ကိုယ်တိုင်ကျခံသင့်

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ဟာ ဇွန်လတုန်းက အရိပ်အမြွက် ပြောကြားထားတာမျိုးရှိပါတယ်။ ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီမှာ တာဝန်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေထဲက ၁၀ဝ၀ ခန့်ကို ပိုလန်နိ်ုင်ငံဆီ ပြောင်းရွှေ့ပြီးတပ်ဖြန့်ချထားမှုတွေ ပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။ သမ္မတထရမ့်ရဲ့ ပြောဆိုမှုဟာလည်း မှန်ကန်သလို မော့စ်ဘက်ချာရဲ့ ပြောစကားဟာလည်း မှန်ကန်ပါတယ်လို့ မစ္စတာဂရီနေးက ဩဂုတ် ၉ ရက်က ပြောကြားခဲ့ပါတယ်။ အရင်သမ္မတတွေတုန်းကလည်း ဥရောပမှာ ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးရှိတဲ့အတွက် ကိုယ်ပိုင်ကာကွယ်ရေးအသုံးစရိတ်ကို ကိ်ုယ်တိုင်ကျခံသင့်တယ်လို့ ပြောခဲ့ကြပါ တယ်။

ဒေါသထွက်ရစမြဲ

ဂျာမနီနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ အများဆုံးဖြစ်သလို ဂျာမနီအရပ်သား ၁၂၀ဝ၀ ခန့်ဟာလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ဆက်စပ်မှုရှိတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။ ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်တွေကို ပြန်လည်ခေါ်ယူဖို့ အမေရိကန်အစိုးရက စဉ်းစားနေတယ်ဆိုတဲ့ ကောလာဟလဟာ မကြာခဏထွက်ပေါ် လေ့ရှိပါတယ်။ ဂျာမနီအနေနဲ့ ကာကွယ်ရေးအသုံးစရိတ် လုံလုံလောက်လောက် မထုတ်တိုင်း အမေရိကန်က ဒေါသထွက်ရစမြဲပါပဲ။ လုံလောက်တဲ့ အသုံးစရိတ်မသုံးတာကြောင့် ဂျာမနီတပ်ဖွဲ့မှာ လက်နက်ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် စစ်ရေးလေ့ကျင့်တဲ့အခါမှာလည်း အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။

မြေပြင်ပေါ်ရပ်နားထားရ

စစ်ဘက်ကိုစောင့်ကြည့်တဲ့ ဂျာမနီပါလီမန်မှာတော့ လွန်ခဲ့တဲ့နှစ်က ဂျာမနီမှာ ရင်ဆိုင်ခဲ့ရတဲ့ လက်နက်ပြတ်လပ်မှုပြဿနာဟာ နေတိုးအဖွဲ့ရဲ့ ကတိပြုချက်ဖြစ်တဲ့ သတ်မှတ်တဲ့ နှုန်းထားအထိပြည့်မီအောင် မသုံးခဲ့ဘူးလို့ ပြောပါတယ်။ ဒါကြောင့်လည်း ယခုသီတင်းပတ်အတွင်းမှာ ဂျာမနီလေတပ်က လေယာဉ်မှူး တစ်ဝက်ခန့်ဟာ နေတိုးအဖွဲ့ရဲ့ သတ်မှတ်ချက်အတိုင်း နာရီပြည့်မီအောင် လေ့ကျင့်နိုင်ခဲ့ခြင်းမရှိပါဘူး။ အကြောင်းကတော့ သူတို့ရဲ့ တိုက်လေယာဉ်တွေဟာ ထိန်းသိမ်းမှုပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် မြေပြင်ပေါ်မှာ ရပ်နားထားရလို့ပါပဲ။

ဝိုးတဝါးဖြစ်သွားပြန်

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နဲ့ ကာကွယ်ရေးဝန်ကြီးအဆက်ဆက်ဟာ နေတိုးအဖွဲ့ သတ်မှတ်ချက်အတိုင်း ကာကွယ်ရေးအသုံးစရိတ်ကိုအသုံးပြုဖို့ ထပ်ခါထပ်ခါ ကတိပြုခဲ့ပေမယ့် ဂျာမနီနိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ ယခုနှစ် ဂျီဒီပီရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ အင်ဂျလာမာကယ်ရဲ့ အစိုးရအဖွဲ့ကတော့ ၂၀၂၄ ခုနှစ်ရောက်ရင် ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း အထိတိုးမြှင့်သွားဖို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးဝန်ကြီးအိုလက်ရှိုးက ယခုဘဏ္ဍာနှစ်အတွင်း အသုံးစရိတ် တိုးမြှင့်ဖို့အစီအစဉ်ကို ဖြတ်တောက်လိုက်တဲ့နောက် ဒီကတိဟာလည်း ဝိုးတဝါးဖြစ် သွားပြန်ပါတယ်။

မကျေမနပ်ဖြစ်စေခဲ့

နောက်ပြီး လက်ရှိအခြေအနေအရ ဟော်မုဇ်ရေလက်ကြားမှာ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ အတွက်ဆိုပြီး ပင်လယ်ရေကြောင်း လုံခြုံစိတ်ချရရေးဆောင်ရွက်ဖို့ အမေရိကန်က ဂျာမနီကို ဖိတ်ခေါ်ခဲ့ပေမယ့် ဂျာမနီကတော့ ဒါကိုငြင်းဆန်ခဲ့ပါတယ်။ အဲဒီလိုငြင်းဆန်လိုက်မှုကြောင့်လည်း အမေရိကန်ကို ပိုပြီးတော့ မကျေမနပ် ဖြစ်စေခဲ့တာပါ။ အင်ဂျလာမာကယ်ရဲ့ စီဒီယူပါတီက အဓိကမဟာမိတ်နိုင်ငံတွေအတွက် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့ သဘောတူပေမယ့် မစ္စတာ အိုလက်ရှိုးရဲ့ အက်စ်ပီဒီပါတီက မထောက်ခံဘဲ ငြင်းဆန်ခဲ့ပါတယ်။

ဝန်ထုပ်ဝန်ပိုးမျှ ခံသင့်

ဂျာမနီရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ်ပိုင်ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သင့်ပါပြီလို့ စီဒီယူပါတီက နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ရိုဒရီရစ်ချ်က ပြောပါတယ်။

အမေရိကန်သမ္မတနဲ့တော့ ဘာမှလုပ်စရာမရှိပါဘူး။ ဒါပေမယ့် ဂျာမနီတပ်တွေနဲ့ ဥရောပအတွက်ဆိုရင်တော့ ဝန်ထုပ်ဝန်ပိုးကို မျှဝေယူတာဟာ လက်ခံနိုင်လောက် စရာပါပဲလို့ သူက ဆက်ပြောပါတယ်။ အမေရိကန်ကလည်း စစ်ရေးအရအင်အားကြီးမားတဲ့ နိုင်ငံဖြစ်တာကြောင့် သူ့ရဲ့စစ်ရေးအရ ပါဝင်မှုတွေဟာ ဥရောပတစ်ခုတည်းမှာပဲ ရှိတာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအနှံ့ပါပဲ။

ခြူးစန္ဒီနွေး

ကိုးကား - ဘီဘီစီသည်တယ်လီဂရက်ဖ်