မောင်တော ၁၅ ဇွန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဂျာမနီလူသားချင်းစာနာထောက်ပံ့ရေး ဘဏ္ဍာငွေဖြင့် မာလ်တေဇာ အင်တာနေရှင်နယ်မှ ဆောင်ရွက်ပြီးစီးခဲ့သည့် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများအား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က (၄)မိုင်ရပ်ကွက်ရှိ ရွာသာယာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှက အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နုကေသီစံက ကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မာလ်တေဇာ အင်တာနေရှင်နယ်၏ လက်ထောက်စီမံကိန်းညှိနိုင်းရေးမှူး ဒေါ်ခင်စောဝေက (၄)မိုင်ရပ်ကွက် ရွာသာယာကျေးရွာရှိ ရေတွင်း (၂) တွင်း ပြုပြင်ခြင်းနှင့် ကျေးရွာနေ အိမ်ထောင်စု(၇၂)စုအတွက် မိသားစုသုံး ယင်လုံအိမ်သာ(၇၂)လုံးကို ကျေးရွာသူရွာသားများ၏ ပူးပေါင်းမှုဖြင့် ဆောက်လုပ်ပေးခြင်း၊ ရေစစ်အိုး၊ ရေသယ်အိုး၊ ရေသုံးရန်ခွက်၊ မိုးရေခံပစ္စည်းများနှင့် အမှိုက်ပုံးများကိုလည်း မိသားစု(၇၂)စုအတွက် ဖြန့်ဝေပေးခဲ့သည်။ ကျန်းမာရေးနှင့် သန့်ရှင်းရေးမြှင့်တင်မှု အသိပညာပေးခြင်းနှင့် အိမ်သုံးဆပ်ပြာများ ဖြန့်ဝေခြင်း လုပ်ငန်းများကို လစဉ်ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး ကျေးရွာ တာဝန်ခံ ဦးအောင်ကျော်ဇောက ကျေးရွာသူရွာသားများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
သက်လွင်စိုး(ပြန်/ဆက်)