၂၀ ဩဂုတ်

 

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၁,၇၀၇ ဦး ရှိရာ ဧပြီလနောက်ပိုင်း မှာ အများဆုံး အရေအတွက် ဖြစ်ကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

 

ဂျာမနီနိုင်ငံဟာ အခြားဉရောပနိုင်ငံတွေထက် ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး ကောင်းမွန်ခဲ့ပေမယ့် နွေရာသီ ပိတ်ရက် အတွင်းမှာတော့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သိသိသာသာ များလာတာကို တွေ့ရပါတယ်။

 

 

လက်တလော ဗိုင်းရပ်စ်ပိုး တွေ့ရှိမှုတွေဟာ နွေရာသီ ခရီးသွားခြင်း၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ မိသားစု တွေ့ဆုံခြင်းကြောင့် ဖြစ်တယ်လို့ ပြစ်တင်မှုတွေ ရှိနေပါတယ်။

 

 

ပြီးခဲ့တဲ့ ဧပြီလကတော့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၆,၀၀၀ ကျော်ရှိခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

 

 

ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ ၂၄ နာရီ အတွင်းမှာ သေဆုံးသူဟာလည်း ၁၀ ဦးရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၉,၂၅၃ ဦး ရှိကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုများတဲ့ ဒေသတွေကနေ ပြန်လည် ရောက်ရှိလာတဲ့သူတိုင်း ဗိုင်းရပ်စ်ပိုး စစ်ဆေးမှု ပြုလုပ်ရမှာဖြစ်ပြီး အခမဲ့ စစ်ဆေးပေးနေကြောင်း သိရပါတယ်။

 

 

ဝန်ကြီးချုပ် မာကယ်က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်သွားမယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားပါတယ်။ ကျန်းမာရေး သတိပေးချက်တွေအပေါ် လိုက်နာရမယ်၊ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များတဲ့ နေရာတွေက ပြန်ရောက်လာသူတိုင်း ဗိုင်းရပ်စ် ရောဂါပိုး ကင်းစင်ကြောင်း သက်သေ မပြနိုင်ရင် သီးသန့် စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမယ်လို့ ဝန်ကြီးချုပ်က ပြင်းပြင်းထန်ထန် သတိပေး လိုက်ပါတယ်။

 

 

MDN

ကိုးကား - AFP