၂၈ အောက်တိုဘာ

 

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာ မာကယ် က ပြည်နယ်ခေါင်းဆောင်တွေအား ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် အသွားအလာကန့်သတ်မှု  (lockdown)  ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ကြေညာရန် လိုလားနေပါတယ်။ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များနေတဲ့အတွက် ဆေးရုံတွေမှာလည်း လူနာတွေပြည့်နေ့တာကို တွေ့ရပါတယ်။

 

အသစ်ချမှတ်မယ့် စည်းမျဉ်းတွေမှာ စားသောက်ဆိုင်တွေနဲ့ ဘားတွေပိတ်ထားရေးနဲ့ လူစုလူဝေးလုပ်ခြင်းကိုပါ တားမြစ်ရေးတွေ ပါရှိနိုင်ပေမယ့် ကျောင်းတွေနဲ့ နေ့ကလေးထိန်းကျောင်းတွေကိုတော့ ဆက်လက်ဖွင့်ထားမယ်လို့ ခန့်မှန်းရကြောင်း ဂျာမနီနိုင်ငံရဲ့ လူကြိုက်များတဲ့ Bild မှာ ရေးသားထားပါတယ်။

 

ဘဏ္ဍာရေး ဝန်ကြီး က ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် လျင်မြန်စွာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် မာကယ်နဲ့ ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးပွဲမလုပ်ခင်မှာ ပြောကြားပါတယ်။

 

နိုင်ငံရဲ့ ဖယ်ဒရယ်အုပ်ချုပ်ပုံအရ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရရှိမှာဖြစ်ပြီး ပြည်နယ်တစ်ခုစီရဲ့ ဗိုင်းရပ်စ်ပိုးတားမြစ်ချက်တွေ မတူညီနိုင်တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

 

ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပထမလှိုင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု သိသိသာသာ များလာတာကို တွေ့ရပါတယ်။

 

အင်္ဂါနေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၁,၄၀၀ ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၄၄၉,၂၇၅ ဦး နဲ့ သေဆုံးသူ ၁၀,၀၉၈ ဦးရှိကြောင်း သိရပါတယ်။

 

ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် မျက်နှာဖုံးဝတ်ဆင်ရေး၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး၊ လက်ဆေးရန်နဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရာလမ်းကြောင်း ရှာဖွေရေး အက်ပလီကေးရှင်း  (corona app) ကို အသုံးပြုရန် စည်းမျဉ်းချမှတ်ပြီး ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP