၂၈ စက်တင်ဘာ
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူအရေအတွက် တစ်ရှိန်ထိုး များပြားလာတဲ့အပေါ် ဝန်ကြီးချုပ် မာကယ်က အလွန်အမင်းစိုးရိမ်နေကြောင်း ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူက ဒီနေ့(တနင်္လာနေ့)မှာ ပြောကြားပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာတဲ့အတွက် နိုင်ငံသားတွေကို ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးနဲ့ မျက်နှာဖုံးဝတ်ဆင်ရေးကို လုပ်ဆောင်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ဝန်ကြီးချုပ် မာကယ်ရဲ့ အာဏာရပါတီ CDU ရဲ့ ထိပ်တန်းပါတီဝင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တစ်နေ့လျှင် ၂,၀၀၀ ရှိရာ အခုပုံစံအတိုင်းသာ ဆက်သွားခဲ့မယ်ဆိုရင် ခရစ်စမတ်ချိန်မှာ တစ်နေ့လျှင် ၁၉,၂၀၀ ဦး ရောက်ရှိသွားနိုင်ကြောင်း သတိပေးသွားတယ်လို့ ပါတီအသိုင်းအဝိုင်းက သတင်းဌာနတွေကို ပြောပါတယ်။
ပါတီအစည်းဝေးပွဲအပြီး နောက်တစ်ရက်မှာ ဂျာမနီနိုင်ငံရဲ့ ပြည်နယ် ၁၆ ခုရဲ့ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးချုပ် မာကယ်တို့ ဗီဒီယိုဆွေးနွေးပွဲ ပြုလုပ်ဖို့ရှိပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ပိုးတွေ့ရှိသူအရေအတွက် လျော့ကျရေး စည်းမျဉ်းတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။
ပါတီဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်မာကယ်က နိုင်ငံရဲ့ စီးပွားရေး ဆက်လက်လည်ပတ်ရေး၊ ကျောင်းနဲ့ မူလတန်းကြိုကျောင်းတွေ ဆက်လက်ဖွင့်ထားရေးကဲ့သို့ အဓိကအချက်တွေကို ဦးစားပေးလုပ်ဆောင်မှာဖြစ်ပြီး ဘောလုံးပွဲကတော့ ဒုတိယဦးစာပေးဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့သူ ၂၈၆,၄၂၀ ဦးထဲမှ သေဆုံးသူ ၉,၅၃၄ ဦးရှိကြောင်း စက်တင်ဘာ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား- AFP