နိုဝင်ဘာ၁၉
ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတိုက်ဖျက်ရေး အစီအမံများတိုးမြှင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်သည် တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၆၀၀၀၀ ကျော်ထပ်မံတွေ့ရှိခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ယမန်နေ့က ရောဂါကူးစက်ခံရသူ ၆၅၃၇၁ ဦးရှိရာ နေ့အလိုက်ရောဂါကူးစက်မှုတွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း နိုင်ငံ၏ရောဂါကူးစက်မှုဆိုင်ရာအေဂျင်စီ သည်ရောဘတ်ကို့ရှ်အင်စတီကျု့က အတည်ပြုခဲ့သည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၆၄ ဦး ထပ်မံသေဆုံးခဲ့သည်။
ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်း အသစ်များအရ လူ ၁၀၀၀၀၀ လျှင် ဆေးရုံတက်လူနာ သုံးဦးအထက်ရှိသော ဒေသများရှိ စားသောက်ဆိုင်များနှင့်အခြားသော အများပြည်သူဆိုင်ရာ နေရာများသို့ ကာကွယ်ဆေး ထိုးနှံပြီးသူများသာလျှင် ဝင်ရောက်ခွင့် ပြုမည်ဖြစ်သည်။
ဆေးရုံတက်လူနာ ခြောက်ဦးထက်ပိုပါက နိုက်ကလပ်များနှင့်ဘားဆိုင်များသို့ ဝင်ရောက်မည့်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးရုံသာမက ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိကြောင်း ဆေးစစ်ချက်ကိုပါပြသရမည် ဖြစ်သည်။
ဂျာမနီနိုင်ငံတွင် အချို့သောသူများသည် ကာကွယ်ဆေးထိုးနှံရန် တွန့်ဆုတ်နေကြသဖြင့် ကာကွယ်ဆေးထိုးနှံမှု အရှိန်နှေးကွေးလာသည်။
နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ကအထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၆၇ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို