(၁၅-၁၀-၂၀၂၀ ရက်၊ ဘာလင်မြို့)
၁။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေစဉ်ကာလအတွင်း ဂျာမနီနိုင်ငံနှင့် ဥရောပ အနီးတစ်ဝိုက်ဒေသများ၌ ရောက်ရှိနေကြပြီး၊ စာချုပ်သက်တမ်း ကုန်ဆုံးနေကြသည့် မြန်မာ သင်္ဘောသားများနှင့် ဥရောပနိုင်ငံများ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး၊ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး အတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသို့ တင်ပြလမ်းညွှန်မှု ခံယူပြီးနောက် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ဂျာမနီနိုင်ငံအခြေစိုက် Condor Airlines တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၅-၁၀-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၁၆၀၅ နာရီတွင် ကယ်ဆယ်ရေး အထူးလေယာဉ် DE8474 ဖြင့် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပို့ပေးခဲ့သည်။
၂။ အဆိုပါ အထူးလေယာဉ်တွင် နိုင်ငံအသီးသီးတွင် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲဖြစ်နေကြသည့် မြန်မာသင်္ဘောသားများပါဝင်သည့် ဂျာမနီနိုင်ငံမှ (၆၀)ဦး၊ အီဂျစ်နိုင်ငံမှ (၈၄)ဦး၊ Gibraltar မှ (၂၇)ဦး၊ နမီးဘီးယားနိုင်ငံမှ (၂၄)ဦး၊ စင်ကာပူနိုင်ငံမှ (၁၁)ဦး၊ ကနေဒါနိုင်ငံမှ (၈)ဦး၊ ဖင်လန်နိုင်ငံမှ (၆)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၄)ဦး၊ ဘရာဇီး နိုင်ငံမှ (၄)ဦး၊ ပြင်သစ်နိုင်ငံမှ (၃)ဦး၊ Gran Canaria မှ (၃)ဦး၊ နယ်သာလန်နိုင်ငံမှ (၃)ဦး၊ ဘယ်လ်ဂျီယံနိုင်ငံမှ (၂)ဦး၊ တူရကီနိုင်ငံမှ (၂)ဦး၊ သီရိလင်္ကာနိုင်ငံမှ (၁)ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၂၄၂)ဦး လိုက်ပါသွားခဲ့သည်။
၃။ ထိုသို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် အခက်အခဲတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြန်မာသံရုံး၊ ဘာလင်မြို့မှ သံမှူးနှင့် သံရုံးဝန်ထမ်းတစ်ဦးတို့မှ ဖရန့်ဖတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
# Ministry_of_Foreign_Affairs_Myanmar


