၂၉ အောက်တိုဘာ
ဂျာမန်ဝန်ကြီးချုပ် အင်ဂျာလာ မာကယ်က ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရန် စည်းမျဉ်းအသစ်တွေ ချမှတ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
စည်းမျဉ်းသစ်တွေထဲမှာ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းနဲ့ အပန်းဖြေနေရာတွေကို ပိတ်ထားကြောင်း၊ အဲဒီစည်းမျဉ်းသစ်ဟာ လာမယ့် တနင်္လာနေ့ကနေ နိုဝင်ဘာလကုန်အထိ ဖြစ်ပါတယ်။ ဒါ့အပြင် လူစုလူဝေး လုပ်ရာတွင် ၁၀ ဦးအထိသာ ခွင့်ပြုကြောင်း၊ နိုင်ငံသားတွေကို မလိုအပ်လျှင် ခရီးမသွားဖို့ တိုက်တွန်းကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ် မာကယ်နဲ့ ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေ ဆွေးနွေးအပြီးမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တိုက်ဖျက်ရေး စည်းမျဉ်းအသစ်တွေ ထုတ်ပြန်လာတာဖြစ်ပါတယ်။
စည်းမျဉ်းအသစ်မှာ နောက်ထပ်ပါရှိတဲ့ စည်းကမ်းတွေကတော့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကော်ဖီဆိုင်၊ ပြဇာတ်ရုံတွေနဲ့ ရုပ်ရှင်ရုံတွေ ပိတ်ထားရေး၊ ရေကူးကန်၊ အားကစားခန်းမ နဲ့ တခြားသော အားကစားရုံတွေ ပိတ်ရမှာ ဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ် အားကစားပွဲတွေ ကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပခွင့် ပြုထားကြောင်း သိရပါတယ်။
ကျောင်းတွေနဲ့ အရေးကြီး ပစ္စည်းရောင်း ဆိုင်တွေကိုတော့ ဆက်လက်ဖွင့်ထားခွင့်ပြုမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အသွားအလာကန့်သတ်မှုကြောင့် ထိခိုက်လာမယ့် စီးပွားရေးတွေအားကူညီရန် ယူရိုငွေ ၁၀ ဘီလီယံ( အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ) ပေးအပ်မယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၄,၉၆၄ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP