၆ နိုဝင်ဘာ
ဂွာတီမာလာနိုင်ငံတစ်ဝန်း မြေပြိုမှုများကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သမ္မတ အလက်ဂျန်ဒရို ဂီယန်မတ်တေးက ပြောကြားလိုက်သည်။
ဗဟိုအမေရိက၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေ ကြောင်း မီဒီယာသတင်းများအရ သိရသည်။
ဂွာတီမာလာနိုင်ငံအလယ်ပိုင်း၌ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ် ၂၅ လုံး ရွှံ့နွံများအောက် ရောက်ရှိ သွားခဲ့ပြီး လူအများအပြား ပိတ်မိနေကြောင်း သမ္မတ ဂီယန်မတ်တေးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
သေဆုံးသူအရေအတွက် အတိအကျ မသိရသေးကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် မြေပြို မှုဖြစ်ရာနေရာသို့ အခြားနည်းလမ်းဖြင့် သွား၍အဆင်မပြေသောကြောင့် ခြေလျင်သွားရောက်ရန် ကြိုးပမ်းနေကြောင်း ၄င်းက ပြောသည်။
နိုဝင်ဘာလ ၃ ရက်က အီတာခေါ် အဆင့် ၄ ဟာရီကိန်းမုန်တိုင်းတစ်ခု နီကာရာဂွာနိုင်ငံမြောက်ပိုင်းနှင့် ဟွန်ဒူးရပ်စ်နိုင်ငံတစ်လျှောက် တိုက်ခတ်ခဲ့ရာ ဗဟိုအမေရိကန်ဒေသ၌ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။
ယမန်နေ့ညနေပိုင်းက အဆိုပါမုန်တိုင်းသည် ဟွန်ဒူးရပ်စ်ကမ်းရိုးတန်းရှိ မြို့တော်တစ်ခုဖြစ်သော လာစီ ဘာမြို့၏ အနောက် အနောက်မြောက်ဘက် ၆၅ မိုင်အကွာ ဗဟိုပြုခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကာရစ်ဘီယံ အနောက်မြောက်ပိုင်းသို့ ရွေ့လျားသွားခဲ့သည်။
ဟွန်ဒူးရပ်စ်နိုင်ငံ၌ မြေပြိုမှုများ၊ ရေကြီးမှုများကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး နီကာရာဂွာ နိုင်ငံ၌ မြေပြိုမှုကြောင့် မိုင်းလုပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသန္တရ မီဒီယာများက ဖော်ပြသည်။
ကော့စတာရီကာနိုင်ငံ၌ မြေပြိုမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ပနားမားနိုင်ငံ၌ လူရှစ်ဦး ပျောက်ဆုံးနေ ကြောင်း သိရသည်။ အီတာ ဟာရီကိန်းမုန်တိုင်းကြောင့် ဗဟိုအမေရိကဒေသ၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းအပြင် မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။
ဂျမေကာ၊ မက္ကဆီကိုအရှေ့တောင်ပိုင်း၊ ကေးမန်းကျွန်းနှင့် ကျူးဘားအနောက်ပိုင်း၌ ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်ကြောင်း အမေရိကန် မိုးလေဝသဌာနက ခန့်မှန်းထားသည်။
ကိုးကား-The New York Times