မယ်စဲ့ ၁၆ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဆောင်းသီးနှံ ပဲပုတ်စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မယ်စဲ့-ဟိုစဲ့ ကားလမ်းနံဘေးရှိ တောင်သူဦးစိုင်းအောင်လှ၏ လေးဧက လယ်မြေပဲပုတ်စိုက်ခင်း၌ ပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက စားသုံးသူပြည်သူများ ဈေးကွက်အတွင်းမှ အစားအစာများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချယုံကြည်စွာ သုံးစွဲနိုင်စေရန်နှင့် တောင်သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး စနစ်ကောင်းများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များကိုသိရှိပြီး အလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် GAP စနစ်ဖြင့် သီးနှံစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသော တောင်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် ဆောင်းသီးနှံ ပဲပုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)